ပိတ်ဆို့ကန့်သတ်မှုကြောင့် တနင်္သာရီဒေသ စစ်ရှောင်တွေအတွက် ရိက္ခာဝယ်ယူဖို့ ပိုမိုခက်ခဲလာ

By MPM 12 ဧပြီ, 2023 👁

တိုက်ပွဲတွေ ပြင်းထန်လာမှုနဲ့အတူ နှစ်ဖက်ပိတ်ဆို့ကန့်သတ်ချက်တွေကြောင့် တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်ထဲက စစ်ရှောင်ပြည်သူတွေအတွက် ရိက္ခာနဲ့ဆေးဝါးတွေ ဝယ်ယူဖို့ ပိုမိုခက်ခဲလာတယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်နေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီမြို့နယ်ထဲမှာ ပြီးခဲ့တဲ့မတ်လကစပြီး စစ်ကောင်စီတပ်နဲ့ ဒေသကာ ကွယ်ရေးတပ်တို့ကြား တိုက်ပွဲတွေခပ်စိပ်စိပ် ဖြစ်ပွားလာသလို အခုရက်ပိုင်းထဲမှာတော့ နှစ်ဖက်တိုက်ပွဲတွေ ပိုမို ပြင်းထန်လာတာပါ။

တိုက်ပွဲတွေကြောင့် တနင်္သာရီမြို့နယ်ထဲက ပြည်ထောင်စုလမ်းမကြီးနဲ့ တနင်္သာရီ-မောတောင်ကားလမ်းတွေ အသုံးမပြုဖို့ တော်လှန်ရေးအင်အားစုတွေဘက်က ကန့်သတ်ထားသလို စစ်ကောင်စီဘက်ကလည်း အခြေခံစား သောက်ကုန်နဲ့ ဆေးဝါးသယ်ယူခွင့် ကန့်သတ်ထားတာ ဖြစ်ပါတယ်။

နှစ်ဖက်ပိတ်ဆို့မှုတွေကြောင့် စစ်ရှောင်ပြည်သူတွေကို လာရောက်ကူညီသူတွေ မရှိတော့သလို ရိက္ခာနဲ့ဆေးဝါး ဝယ်ယူရာမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် အခက်ကြုံနေရတယ်လို့ စစ်ရှောင်အရေးကူညီဆောင် ရွက်နေသူတစ်ဦးက ပြောပါတယ်။

လတ်တလောမှာတော့ စစ်ရှောင်ပြည်သူတွေဟာ ရိက္ခာတွေကို ချွေတာစားသောက်နေရပြီး နောက်နှစ်ပတ် အတွင်း ဝယ်ယူလို့မရပါက ရိက္ခာပြတ်လပ်မှုနဲ့ ရင်ဆိုင်လာရနိုင်တယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေကြောင့် တနင်္သာရီမြို့နယ် သိန်းခွန်၊ ရေဖြူ၊ သဲဖြူ၊ ချောင်းနှစ်ပေါက်၊ ဘန်းလမွတ်အပါအဝင် ကျေးရွာပေါင်း ၁၅ ရွာကျော်က ဒေသခံ ၁၅၀၀၀ ကျော်ဟာ ဘေးလွတ်ရာ တောတောင်တွေနဲ့ ဥယျာဉ်ခြံတွေ အပါအဝင် ကျေးရွာဘုန်းကြီးကျောင်းတွေမှာ အများစုခိုလှုံနေကြတာပါ။

တချို့စစ်ရှောင်ပြည်သူတွေကတော့ တိုက်ပွဲမဖြစ်တဲ့ မြိတ်မြို့ပေါ်အပါအဝင် တခြားကျေးရွာတွေဘက်ကို အပြီးပိုင် ပြောင်းရွှေ့နေထိုင်တာတွေ ရှိလာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

တနင်္သာရီတိုင်းထဲမှာတော့ စစ်တပ် အာဏာသိမ်းတဲ့ ၂ နှစ်အတွင်း နှစ်ဖက်တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ ၄၀၀၀၀ ကျော်အထိ ရှိလာတယ်လို့ ဒေသတွင်း သုတေတနအဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေအရ သိရပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။