ပါတီထိပ်ပိုင်းခေါင်းဆောင်နှစ်ဦးလွတ်မြောက်ရေး ကြိုးပမ်းနေကြောင်း AFP ပါတီဥက္ကဌပြောဆို

By MPM 7 စက်တင်ဘာ, 2023 👁

ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးထားသည့် ပါတီ ဒု-ဥက္ကဌ ဦးကျော်ဇောဦးနှင့် အကြံပေး ဦးကျော်လွင်တို့ နှစ်ဦး လွတ်မြောက်ရေးအတွက် ကြိုးပမ်းနေကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဌ ဒေါက်တာအေးမောင်က ပြောဆိုလိုက်သည်။

ပါတီထိပ်ပိုင်းခေါင်းဆောင်နှစ်ဦး ပြန်လွှတ်ပေးရန်အတွက် လာမည့် စက်တင်ဘာ ၉ ရက်နေ့မှာကျရောက်သည့် ဆရာတော် ဦးဥတ္တမနေ့တွင် ရက္ခိုင့်တပ်တော် (AA) ထံ Statement ထုတ်ပြီး တောင်းဆိုသွားမည်ဟု AFP ဥက္ကဌ ဒေါက်တာအေးမောင်က ဆိုသည်။

“မြန်မာနိုင်ငံရေး အခင်းအကျင်းမှာပဲ ဖြစ်ဖြစ်၊ ရခိုင်နိုင်ငံရေး အခင်းအကျင်းမှာပဲဖြစ်ဖြစ် နိုင်ငံရေး ပါတီတွေရဲ့ကဏ္ဍာဟာ လိုအပ်ဆဲဖြစ်တဲ့အတွက် ဉာဏ်ရည်မြင့်မားတဲ့ နိုင်ငံရေးပါတီတွေနဲ့ အတူ ဆောင်ရွက်ဖို့ နိုင်ငံရေး ခေါင်းဆောင်တွေ လိုအပ်တယ်။ ဒါတွေကိုလည်း ULA/AA ဘက်က သဘောပေါက်စေချင်တယ်” ဟု AFP ဥက္ကဌ က ပြောသည်။

AFP ပါတီ ဒု-ဥက္ကဌ ဦးကျော်ဇောဦးမှာ ၂၀၂၂ ခုနှစ်၊ နိုင်ဝင်ဘာလ ၂ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရပြီး ပါတီအကြံပေး ဦးကျော်လွင်မှာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ဦးကျော်လွင်မှာ ဖုန်းအဆက်အသွယ် ရရှိသော်လည်း ဦးကျော်ဇောဦးမှာ ဖမ်းဆီးခံရပြီးနောက် ယခုအချိန်ထိ အဆက်အသွယ် မရရှိသေးကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဦးကျော်လွင်၏သမီးဖြစ်သူ မနှင်းဝေဝေက “အဖေနဲ့တော့ ဖုန်းဆက်သွယ်မှုတော့ ရကြတယ်။ ဖုန်းအဆက်သွယ် ကလည်း အဖေဆက်လာမှ ပြောကြရတာဖြစ်တယ်။ လူချင်းတွေ့ကြရတာတွေတော့ မရှိဘူး။ မိသားစုဝင်တွေ ကတော့ အမြန်ဆုံးပြန်လွတ်ပေးစေချင်တယ်” ဟု ပြောသည်။

AFP ထိပ်ပိုင်းခေါင်းဆောင်နှစ်ဦးမှာ စစ်ရေးကာလတွင် ပြည်သူများကို စိတ်ဝမ်းကွဲဝေဝါးအောင် ရေးသားမှုများ ရှိခဲ့ပြီး တိုင်းပြည်ရေးအတွက် ခွင့်ပြု၍မရသဖြင့် ခေါ်ယူမေးမြန်းခြင်းဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

ဦးကျော်ဇောဦး၏ ဖခင်က “သားနဲ့က အဆက်သွယ်က လုံးဝမရှိဘူး။ ဖုန်းလည်း တခါလည်း မဆက်ဘူး။ သူ့အခြေအနေကလည်း သွားကတည်းက မသိလိုက်ဘူး။ ခိုင်သုခတို့ ပြောမှပဲသိတယ်။ သူကို ဖမ်းထားတဲ့ ပုံစံလား၊ ဘယ်လိုပုံစံ လည်းမသိဘူး။ အေးအေးချမ်းချမ်းလိုတော့ ကြားတယ်။ ခိုင်သုခတို့ ပြောတဲ့ဟာမှာလည်း ဆွေးနွေးစရာရှိလို့ ခေါ်ထားတယ်လို ပြောတယ်။ ထိန်းသိမ်းထားတယ်လို့ မပါဘူး။ ထိန်းသိမ်းထားတယ် ဆိုရင်တော့ ပြန်လွတ်ပေးရမှာ ဖြစ်တယ်” ဟု ပြောသည်။

ပါတီထိပ်ပိုင်းခေါင်းဆောင်နှစ်ဦး လွတ်မြောက်ရေးနှင့် ပတ်သက်၍ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ အတွင်းကလည်း တရုတ်ကွန်မြူနစ်ပါတီ (CPC) ပါတီနှင့် ဂျပန်အစိုးရ၏ မြန်မာနိုင်ငံအမျိုးသား ပြန်လည် သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါတို့ထံ AFP ပါတီက တောင်းဆိုထားကြောင်း သိရသည်။

အောင်ထိန် (DMG) ပေးပို့သည်။