ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စကားမြို့အနီးရှိ ကျေးရွာများအား တစ်ရွာလျှင် တောတွင်းအကြမ်းခံ အသုံးပြုနိုင်သည့် 4 wheel ကားတစ်စီးနှုန်းဖြင့် ဩဂုတ်လတတိယပတ် နောက်ဆုံးထား၍ ဝယ်ပေးရန် ပအိုဝ်း ပြည်သူ့စစ်အဖွဲ့ (PNA) က ခြိမ်းခြောက်၍ဝယ်ခိုင်းနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ညောင်ရွှေမြို့နယ်အတွင်းရှိ မင်းရွာနေအမျိုးသမီးတစ်ဦးက “လူတိုင်း ခက်ခဲနေတဲ့ကြားက ဆီတစ်လီတာဘူးတောင် တစ်သောင်းကျော် ပေးဝယ်နေရတာကို သူတို့က ဒီလိုတောင်းတယ်ဆိုတော့ ဒါက ဓါးပြတိုက်တာပဲ။ အရင်က ပအိုဝ်းချင်းချင်းဆို သူတို့အရမ်းကောင်းတာ။ အခုက သူတို့အဖေနဲ့ အတူတူဖြစ်သွားပြီ” ဟု ပြောသည်။
ညောင်ရွှေမြို့နယ်အတွင်းရှိ မင်းရွာနှင့် နောင်ဗိုကျေးရွာတို့ကို ကားတစ်စီးစီ ဝယ်ပေးရမည်ဟု ခြိမ်းခြောက်ထားပြီး ဟူးရန်း၊ စကားအင်း၊ လင်လန်နှင့် ဖယ်ခုံမြို့နယ်ရှိ ကုန်းသာကျေးရွာတို့ကိုမူ စစ်အသုံးစရိတ်နှင့် ထမင်းထုပ်များ နေ့စဉ်ပို့ဆောင်ရန် PNA က ညွှန်ကြားထားသည်ဟု ဒေသခံတို့က ပြောဆိုကြသည်။
ဝယ်ယူခိုင်းထားသည့် ကားနှင့် စီစဉ်ခိုင်းထားသည့် ထမင်းထုပ်များအား ထီရီးကျေးရွာသို့ နေ့စဉ်ပို့ဆောင်ရမည်ဖြစ်ပြီး ပျက်ကွက်သည့် ကျေးရွာများကို စစ်ကောင်စီတပ်အား ဗုံးကြဲခိုင်းမည်ဟုဆိုကာ PNA က ခြိမ်းခြောက်ထားသည်ဟု ဆိုသည်။
လင်လန်ကျေးရွာနေ ရွာသူကြီးနှင့်နီးစပ်သူတစ်ဦးက “ပအိုဝ်းရွာတွေက စစ်မှုထမ်းပါ ပါတယ်။ ၃ ရက်တည်းသင်ပေးပြီး တစ်ခါတည်း ရှေ့တန်းပို့မှာ။ လင်လန်က ရှမ်းရွာဆိုတော့ ရွာလူကြီးက ညှိပေးထားလို့ စာရင်းမပါဘူး” ဟု ပြောသည်။
အဆိုပါကျေးရွာများမှ ဒေသခံများသည် ပြီးခဲ့သည့် ဇွန်လနောက်ဆုံးပတ်က စစ်ဘေးရှောင်ခဲ့ရပြီး ဩဂုတ်လ အစပိုင်းတွင် နေရပ်မပြန်သည့် နေအိမ်များအား PNA က မီးရှို့မည်ဟု ကြေညာထားသဖြင့် ပြန်လာရခြင်း ဖြစ်ကြောင်း ကျေးရွာသားများက ပြောပါသည်။
ဒေသခံများအနေဖြင့် စစ်ဘေးရှောင်ရာတွင် ငွေကုန်ကြေးကျ များခဲ့ရသည့်အပြင် နေရပ်ပြန်ရောက်လာသည့်အချိန်တွင်လည်း PNA က အကြောင်းအမျိုးမျိုးပြ၍ ငွေကြေးကောက်ခံနေသည်ဖြစ်ရာ ယခုတစ်ကြိမ်တွင် ပေါင်နှံရောင်းချမည့် ပစ္စည်းများလည်း မရှိတော့ဟု ၎င်းတို့က ပြောဆိုကြသည်။
NMG ပေးပို့သည်။