ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ဒေသ၊ ဟိုပုံးမြို့နယ်တွင် ပြည်ပရောက်လူငယ်များအား ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA) က စစ်မှုထမ်းခေါ်ယူနေသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။
ဟိုပုံးမြို့နယ်တွင်းရှိ စစ်မှုထမ်းအကျုံးဝင်သည့် ပြည်ပရောက်အမျိုးသားများအားလုံးကို ခေါ်ယူမည်ဖြစ်ပြီး နောက်ပိုင်းတွင် ငွေကြေးပေးဆောင်၍ လူစားထိုးခွင့်ပေးမည်ဟုလည်း PNA ပြောဆိုသည်ဟု ဒေသခံများက ပြောသည်။
ဟိုပုံးမြို့နယ်၊ လွယ်အွန်းကျေးရွာအုပ်စုရှိ ဘုန်းကြီးကျောင်းတွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် အစည်းအဝေး၌ PNA အရာရှိပိုင်းများက သက်ဆိုင်ရာရွာသူကြီးများအား ထိုသို့မှာကြားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
အစည်းအဝေး တက်ရောက်ခဲ့သူဒေသခံတစ်ဦးက “အစည်းအဝေးက လာတဲ့သူနည်းလို့ သူတို့ကိုယ်တိုင် တစ်အိမ်တက်ဆင်း လိုက်ခေါ်ထားတာ။ ဘယ်သူမှ မသွားချင်ဘူး။ ကိုယ့်လူမျိုးကိုယ်ကာကွယ်ဖို့ စစ်ထဲဝင်ရမယ်။ ဒါ သမိုင်းပေးတာဝန်ပဲလို့ပြောတယ်။ ကျနော်တို့လည်း ဒီနောက်ပိုင်း သိနေပြီပဲ။ သူတို့ ဘာကြောင့်တိုက်လဲဆိုတာ။ အဲတော့ ဘယ်သူက ဝင်တော့မှာလဲ” ဟု ပြောသည်။
PNA အုပ်ချုပ်ရေးအားကောင်းသည့် ဟိုပုံးမြို့နယ်တွင် ယခင်ကတည်းက စစ်မှုထမ်းမည့်သူများ အမျာအပြားရှိသော်လည်း “၁၀၂၇ စစ်ဆင်ရေး” နောက်ပိုင်းတွင် ထိခိုက်သေဆုံးသူများ များလာသည်ဖြစ်ရာ ယင်းနောက်ပိုင်း၌ လူသစ်ရရှိရန် ခက်ခဲလာသည်ဟု ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူများက သုံးသပ်ပြောသည်။
ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) စစ်ဖက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက “PNO ပြည်သူ့စစ်ဆိုတာ လူမျိုးရေးအသုံးချပြီး အာဏာရှင်ကိုကာကွယ်ပေးနေတဲ့ လက်ပါးစေတွေဖြစ်တယ်။ ပအိုဝ်းလူမျိုးမဟုတ်တဲ့ ခရိုနီနေဝင်းထွန်းရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးနေကြတာဖြစ်တယ်။ ဒါကြောင့် ပအိုဝ်း လူငယ်တွေအနေနဲ့ အခြေနေမှန်ကို အမြန်ဆုံး နားလည်သဘောပေါက်ကြပါလို့ ပြောချင်တယ်” ဟု ပြောသည်။
တောင်ကြီးမြို့နယ်၊ ကျောက်တစ်လုံးကြီး မြို့နယ်ခွဲတွင် ၂၀၂၄ ခုနှစ် မေလပိုင်းကတည်းကစ၍ ပြည်ပရောက်လူငယ်များအား PNA ကစစ်မှုထမ်းလူစားထိုးစရိတ် ကောက်ခံလျက်ရှိပြီး ယခု ဟိုပုံးမြို့နယ်ကိုပါ ထပ်မံခေါ်ယူနေခြင်းဖြစ်သည်။
၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပနိုင်ရေး ရည်ရွယ်ချက်ဖြင့် စစ်ကောင်စီ၊ PNA ပူးပေါင်းတပ်များက ကရင်နီပြည်အား အပြင်းအထန် ထိုးစစ်ဆင်နေပြီး လိုအပ်သည့် တပ်သားများအား ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်း၌ ပေါ်တာဆွဲ ခေါ်ယူလျက်ရှိကြောင်း သိရသည်။
အဆိုပါ တပ်သားသစ်များကိုလည်း တောင်ကြီးမြို့နယ်ရှိ အထူးဒေသ ၆ နှင့် ညောင်ရွှေမြို့နယ်ရှိ ပအိုဝ်းလူမျိုးအများစုနေထိုင်ရာ ကျေးရွာများတွင် စစ်သင်တန်းများပေး ၂ ပတ်ခန့်သာပေး၍ ရှေ့တန်းပို့ဆောင်နေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
NMG ပေးပို့သည်။