ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ မဲနယ်တောင်တလျှောက်ရှိ ရေကြီးတောင်ပြိုသည့် အချို့ကျေးရွာများတွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများကြောင့် လိုအပ်သည့်အကူအညီများ မရသေးကြောင်း ဒေသခံများက ပြောသည်။
မဲနယ်တောင်ဒေသတွင် ရေကြီးရေလျှံမှု နောက်ဆက်တွဲဖြစ်သည့် တောင်ပြိုမှု၊ ရွှံ့နွံထူထပ်မှုနှင့် နှုန်းမြေများ တင်ကျန်ခဲ့ခြင်းကြောင့် ဆက်သွယ်ရေးလမ်းများ ပိတ်ကုန်ပြီး သွားလာရခက်ခဲကာ အကူအညီများ လိုအပ်နေကြောင်း သိရသည်။
ဗန်းစောက်ကျေးရွာတွင် နေထိုင်သူတစ်ဦးက “ကျနော်တို့ရွာလမ်းတွေက ရေမကြီးရင်တောင် သွားရခက်တယ်။ ချင်းပြည်လမ်းတွေလိုပဲ။ မိုးရာသီဆို ကားဝင်ရခက်တယ်။ အခု ဒီလိုဖြစ်တော့ ပိုဆိုးတာပေါ့။ ထိပ်ဆုံးရက်မှာတင် လာလှူတဲ့သူတွေ ကားမှောက်ကြလို့ ထပ်မလာရဲကြဘူး” ဟု ပြောသည်။
မဲနယ်တောင်ဒေသ အဝင်လမ်းဖြစ်သည့် ထမ်းအယ်ကျေးရွာတွင် ရေကြီးရေလျှံမှု နောက်ဆက်တွဲ တောင်ကျချောင်းရေများကြောင့် လမ်းများပျက်စီးကုန်ပြီး ထိုရွာမှတဆင့် ကျန်သည့်ရွာများဆီ သွားလာနိုင်သည့်အခြေအနေ မရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။
မဲနယ်တောင်ဒေသတွင် သွားလာရန်ခဲသည့် ကျေးရွာများမှာ လုံးကွင်း၊ ဗန်းစောက်၊ ကျောက္ကချား၊ ဗန်းကွန်၊ တလျနိုး၊ နောင်စုံ၊ ပင်ခက်၊ ပင်ကလာ စသည့် ကျေးရွာများအပါအဝင် ကျေးရွာပေါင်း ၁၅ ရွာအထိရှိပြီး လတ်တလောတွင် စားနပ်ရိက္ခာ၊ ရေသန့်၊ အဝတ်ထည်နှင့် ဆေးဝါးများ လိုအပ်နေကြောင်း ဒေသခံများက ဆိုသည်။
ဗန်းစောက်နှင့် စငေါကျေးရွာတို့တွင် အဆိုပါရွာနှစ်ရွာကြားသာ သွားလာနိုင်ပြီး ထမ်းအယ်အပါအဝင် ကျန်သည့်ကျေးရွာများသို့ သွားလာရန် အခက်အခဲရှိနေသည်ဟု ရွာခံများက ပြောသည်။
စငေါကျေးရွာတွင် နေထိုင်သူတစ်ဦးက “လုံးလုံး သွားလို့မရတာတော့ မဟုတ်ဘူး။ ကား၊ ဆိုင်ကယ်တွေ မရတာ။ တဘုတ်ဘုတ်နဲ့ လဲကြတာ။ ရွာအားလုံးတော့ မဟုတ်ဘူး။ တချို့ရွာက ဖိနပ်ရှည်စီးပြီး ခြေလျင်သွားရင်တော့ ရတယ်။ ဗွက်တွေက လူနစ်လို့ မသွားရဲကြတာ” ဟု ပြောသည်။
မဲနယ်တောင်ဒေသတွင် စက်တင်ဘာလ ၁၁ ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် လူ ၄၀ ကျော် ထိခိုက်သေဆုံးခဲ့ပြီး အိမ်ခြေ ၃၀၀ နီးပါးခန့် ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသခံများ၏ ပြောပြချက်များအရ သိရသည်။
မြန်မာနိုင်ငံအနှံ့အပြားတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီး ရာဂီမုန်တိုင်း အဖျားခတ်မှုကြောင့် စက်တင်ဘာလ တတိယပတ်အထိ မိုးများနိုင်သည်ဟု မိုးဇလက ခန့်မှန်းသတိပေးထားသည်။
NMG ပေးပို့သည်။