တနင်္သာရီတိုင်း၊ ပလမြို့အနီး တိုက်ပွဲဖြစ်ပွားနေစဉ် စစ်မှုထမ်းအပတ်စဉ် ၂ သင်တန်းဆင်း တပ်သားသစ်တစ်ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ထံ အလင်းဝင်လာကြောင်း မြိတ်ခရိုင်တပ်ရင်း (၁) က ပြောဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၅ ရက်နေ့က ပလမြို့အနီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားနေစဉ် အဆိုပါတပ်သားသည် စစ်ဘေးရှောင်များနှင့်အတူ လိုက်ပါလာပြီး အလင်းဝင်လာခြင်း ဖြစ်သည်ဟု မြိတ်ခရိုင်တပ်ရင်း (၁) က ပြောသည်။
အလင်းဝင်လာသည့် စစ်မှုထမ်းသင်တန်းဆင်း တပ်သားသည် အသက် ၂၆ နှစ်အရွယ် မန္တလေးမြို့ကဖြစ်ပြီး စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရပြီးနောက် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ အမှတ် (၈) စစ်အခြေခံ လေ့ကျင့်ရေးသင်တန်းကျောင်း၌ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၂ တက်ရောက်ခဲ့ရသည်ဟု ဆိုသည်။
သင်တန်းပြီးနောက် ပုလောမြို့အခြေစိုက် အမှတ် ၂၈၅ ခြေလျင်တပ်ရင်းထံ ပို့ဆောင်ခံခဲ့ရပြီး ရှေ့တန်းသို့ စေလွှတ်ခံခဲ့ရသည်ဟု ပြောဆိုသည်။
ထွက်ပြေးလာသည့် တပ်သားကို လတ်တလောတွင် နေထိုင်စားသောက်ရေးအတွက် ကူညီပေးထားပြီး ပြည်သူ့ရင်ခွင်အဖွဲ့နှင့် ချိတ်ဆက်ကာ ၎င်းဆန္ဒအတိုင်း လုပ်ဆောင်ပေးသွားမည်ဟု ဆိုသည်။
အသက်ပြည့်သူတိုင်း စစ်မှုမထမ်းမနေရ၊ စစ်မှုထမ်းဟောင်းများ ပြန်လည်စစ်မှုထမ်းရန် ဥပဒေများအပြင် အသက် ၃၅ နှင့် ၆၅ နှစ်ရှိသူများပါ အကြုံးဝင်ခေါ်ယူသည့် ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ကို စစ်ကောင်စီက ယခု ၂၀၂၄ ခုနှစ်အတွင်း စတင်ဖွဲ့စည်း ခေါ်ယူနေခြင်းဖြစ်သည်။
အာဏာသိမ်းကာလအတွင်း မြိတ်ခရိုင်တပ်ရင်း (၁) အဖွဲ့ထံ လာရောက်ခိုလှုံသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးရှိပြီး လာရောက်ခိုလှုံသူများထဲက စစ်ကောင်စီကို ပြန်တိုက်ခိုက်နေသူတချို့လည်း ရှိနေကြောင်းသိရှိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။