ချင်းပြည်နယ်ထဲရှိ ပလက်ဝမြို့နယ်ကို ပလက်ဝဒေသတွင် နေထိုင်သူများကပိုင်ဆိုင်ပြီး ပလက်ဝမြို့နယ် လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစီအမံများရေးဆွဲပြီး အားလုံးပါဝင်သည့် အုပ်ချုပ်ရေးအစီအစဉ်များကို လုပ်ဆောင်သွား မည်ဟု ရက္ခိုင်တပ်တော် (AA)က ပြောဆိုသည်။
ရက္ခိုင်တပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူခိုင်သုခက “ပလက်ဝဒေသကို ဘယ်သူပိုင်လဲဆိုရင် ပလက်ဝဒေသမှာနေတဲ့လူတွေ ပိုင်ပါတယ်။ ပလက်ဝကို ပလက်ဝဒေသခံတွေ ပိုင်တယ်။ ကျနော်တို့ဘက်က ရှင်းရှင်းလင်းလင်းနဲ့ ပြောချင်တယ်။ ပလက်ဝဒေသမှာနေတဲ့ လူမျိုးစုတွေထဲက သင့်တော်တဲ့လူတွေကို အုပ်ချုပ်ရေးအဖွဲ့တွေထဲမှာ တာဝန်ပေးထားဖို့ စီစဉ်ထားတာ ရှိပါတယ်” ဟု ပြောပါသည်။
မတ်လ ၄ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ရက္ခိုင့်တပ်တော် (AA) က ပလက်ဝမြို့နယ်နှင့် ပတ်သက်၍ AA ၏မူဝါဒများကို ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။
ဆက်လက်ပြီး ခိုင်သုခက “ပလက်ဝဒေသ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြံရေးကိုလည်း တာဝန်ယူပြီးရင် ဖွံဖြိုးတိုးတက်ဖို့နဲ့ အားလုံးကို တန်းတူရေတူ စီမံခန့်ခွဲနိုင်အောင် အားလုံးကို ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အစီအစဉ်တွေကို ချမှတ်နေတာဖြစ်ပါတယ်” ဟု ပြောသည်။
ပလက်ဝမြို့ ရပ်မိရပ်ဖများထဲမှ သင့်လျော်သည့်လူမျိုးစုများမှ ဒေသခံများကိုလည်း ရက္ခိုင်တပ်တော် (AA/ ULA) ၏ အုပ်ချုပ်ရေးတွင် ပူးပေါင်းလုပ်ကိုင်ကြရန် ဖိတ်ခေါ်ထားကြောင်း ခိုင်သုခက ပြောဆိုသည်။
ပလက်ဝဒေသကို သူပိုင်သည်၊ ငါပိုင်သည်ဟု ပြောနေကြခြင်းထက် ပလက်ဝဒေသကို စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ပြီး ပလက်ဝဒေသ၏ ဖွံ့ဖြိုးရေး၊ တည်ငြိမ်ရေးနှင့် လုံခြုံသည့်အနာဂါတ်ကို တည်ဆောက်ရန်က ပို၍ အရေးကြီးကြောင်း AA ပြောရေးဆိုခွင့်ရှိသူက ထည့်သွင်းပြောဆိုသည်။
“ပလက်ဝဒေသ လုံခြုံရေး၊ တည်ငြိမ်ရေး အာမခံချက်ရှိဖို့အတွက် ပလက်ဝဒေသဟာ ULA ရဲ့ ထိန်းချုပ်မှုအောက်မှာ ဆက်ပြီး ရှိနေမှာပေါ့လေ။ ပလက်ဝဒေသဟာ လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်ကြတဲ့အတွက် သူတို့လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစီအစဉ်ကောင်းတွေ ရေးဆွဲပြီးရင် အားလုံးပါဝင်တဲ့ အုပ်ချုပ်ရေးအစီအစဉ်တွေနဲ့ ကျနော်တို့လုပ်ဆောင်သွားဖို့ ဖြစ်ပါတယ်” ဟု ခိုင်သုခက ဆိုသည်။
ချင်းတော်လှန်ရေးအင်အားစုများအနေဖြင့် ပလက်ဝဒေသကို စိုးရိမ်ပူပန်နေမှုနှင့် ပတ်သက်၍ ပလက်ဝဒေသ တစ်ခုထဲကိုပဲ စိုးရိမ်ပူပန်နေခြင်းထက် ချင်းပြည်လွတ်မြောက်ရေးကို အာရုံစိုက်သင့်ကြောင်း ရက္ခိုင်တပ်တော်အနေဖြင့် အကြံပြုလိုကြောင်း ခိုင်သုခက ပြောဆိုသည်။
ချင်းပြည်တွင် စစ်ကောင်စီတပ်များ ခိုင်ခိုင်မာမာအခြေပြု တည်ရှိနေဆဲဖြစ်ပြီး ချင်းပြည်လွတ်မြောက်အောင် စစ်ကောင်စီတပ်များကို အရင်တိုက်ထုတ်ရန် လိုအပ်ကြောင်း၊ စစ်ကောင်စီတပ်များကို မတိုက်ဘဲနှင့် ပလက်ဝဒေသ တစ်ခုထဲကိုပဲ ချင်းတော်လှန်ရေးတပ်များက ပြောနေခြင်းသည် တော်လှန်ရေးလမ်းကြောင်းထဲက မလွဲချော်သွားရန် အထူးလိုအပ်နေကြောင်း ခိုင်သုခက ပြောသည်။
ချင်းပြည်တစ်ခုလုံး လွတ်မြောက်ရေးအတွက် ချင်းပြည်ထဲက မဟာမိတ်များကို ရက္ခိုင်တပ်တော် AA က တတ်နိုင် သလောက် ပံ့ပိုးကူညီပြီး ဆောင်ရွက်နေမှုများလည်းရှိကြောင်း ၎င်းက ပြောဆိုသည်။
ရက္ခိုင်တပ်တော် AA က ပလက်ဝမြို့တွင် မြို့ခံများကို ပြန်လည်နေရာချထားရေးကိစ္စများ၊ ဈေးပြန်ဖွင့်လှစ်နိုင်ရေး၊ မြို့သန့်ရှင်းရေး၊ အမှိုက်စနစ်နှင့် စည်ပင်သာယာရေးကိစ္စများကို ဖော်ဆောင်လုပ်ကိုင်နေကြောင်း AA ပြောခွင့်ရ ခိုင်သုခက ဆက်ပြောဆိုသည်။
ပလက်ဝမြို့နယ်ထဲက ကျေးရွာဘက်များတွင်လည်း မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းများ၊ စစ်ဘေးရှောင် ကူညီရေးလုပ်ငန်းများ၊ ကျန်းမာရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေသည်ဟု ၎င်းက ပြောပါသည်။
ရက္ခိုင်တပ်တော် AA သည် ချင်းပြည်နယ် ပလက်၀မြို့အပြင် ရခိုင်ပြည်နယ်က မြို့နယ် ၆ မြို့နယ်နှင့် စခန်းပေါင်း ၂၁၅ မြို့နယ်ကို အလုံးစုံသိမ်းပိုက်ထားပြီး ကျန်မြို့နယ်အများစုတွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။
KMG ပေးပို့သည်။