ပလက်ဝမြို့က ရပ်ကွက်တစ်ခုကို စစ်ကောင်စီက ညမထွက်ရ အမိန့်ထုတ်

By MPM 10 မေ, 2023 👁

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့ပေါ်က ပလုတ်တောင်ဟုခေါ်သော ရပ်ကွက်တစ်ခုကို စစ်ကောင်စီက ဧပြီလ ၂၉ ရက်နေ့ကစ၍ ညမထွက်အမိန့် ထုတ်ပြန်ထားသည်ဟု သိရသည်။

အဆိုပါ ရပ်ကွက်ကို မည်သည့်အကြောင်းအရင်းကြောင့် ညမထွက်ရအမိန့်ထုတ်ပြန်ထားသည်ကို မသိရှိရသော်လည်း ယင်းရပ်ကွက်တွင် AA ဖက် အဝင်အထွက်ရှိနေသည်ဟု သံသယရှိနေသောကြောင့် ဖြစ်နိုင်သည်ဟု ပလက်၀မြို့ခံတစ်ဦးက ပြောသည်။

“ပလက်ဝမြို့ပေါ်အားလုံးတော့မဟုတ်ဘူး မြို့မရပ်ကွက် ပလုတ်တောင်လို့ခေါ်တယ် အဲ့ရပ်ကွက်က ရခိုင်လူမျိုးများတယ် အဝင်အထွက်ရှိတဲ့သဘောများတယ်၊ နေ့ခင်းဖက်တော့ သွားလို့ရတယ်၊ ဘာကြောင့် ထုတ်တယ်ဆိုတာ မသိရဘူး” ဟု ပလက်ဝမြို့ခံက ပြောသည်။

ပလုတ်တောင်ရပ်ကွက်ကို ည ၇ နာရီမှ မနက် ၅ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားခြင်းဖြစ်ဖြစ်သည်။

ပလက်ဝမြို့ပေါ်တွင် ရပ်ကွက် (၃) ရပ်ကွက်ရှိပြီး ရိက္ခာရပ်ကွက်၊ ရွာမရပ်ကွက်နှင့် မြို့မရပ်ကွက်တို့ဖြစ်ပြီး ပလုတ်တောင်သည် မြို့မရပ်ကွက်ထဲတွင်ရှိသည့် ရပ်ကွက်ငယ်တခုဖြစ်သည်ဟု သိရသည်။

ကုလားတန်မြစ်ကမ်းနဘေးတွင်တည်ရှိသော ပလုတ်တောင်ရပ်ကွက်အတွင်း နေထိုင်ကြသူများမှာ ငါးရှာသည့်အလုပ်ကို အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်စားသောက်နေကြပြီး ယခုကဲ့သို့ ညမထွက်ရအမိန့် ထုတ်လိုက်သည့်အတွက် အလုပ်ထိခိုက်မှုရှိလာနေသည်ဟု သိရသည်။

KMG – ပေးပို့သည်။