ပလက်ဝတွင် နေရပ်ပြန် စစ်ဘေးရှောင် ၁ ထောင်ကျော် စားဝတ်နေရေး အခက်အခဲကြုံနေ

By MPM 28 မတ်, 2023 👁

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် နေရပ်ပြန်သွားသည့် စစ်ဘေးရှောင် ၁ ထောင်ကျော်သည် လက်ရှိတွင် စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်နေကြရသဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးသို့ စာရေး တင်ပြရန် စီစဉ်နေသည်ဟု စစ်ဘေးရှောင်များက ပြောသည်။

နေရပ်ပြန်ခဲ့ကြရသည့် စစ်ဘေးရှောင်များအနေဖြင့် ပါလာသည့် ရိက္ခာများလည်း ပြတ်လပ်သွားပြီ ဖြစ်ကာ မိုင်းအန္တရာယ်လည်း စိုးရိမ်နေရသည့်အတွက် လုပ်ကိုင်စားသောက်ရန် အဆင်မပြေဖြစ်နေ၍ ပလက်ဝမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးထံ စာတင်ပြီး အကျိုးအကြောင်းရှင်းပြကာ မိုင်းရှင်းလင်းရေးနှင့် ထောက်ပံ့မှုများကို တောင်းခံသွားမည်ဟု စစ်ဘေးရှောင်များက ဆိုသည်။

စိမ့်စမ်းဝကျေးရွာ စစ်ဘေးရှောင်ရွာသားတစ်ဦးက “ကျနော်တို့ကို ပြန်သွားကတည်းက စားဝတ်နေရေး အခက်အခဲတွေလည်း ရင်ဆိုင်နေရတယ်။ ကျနော်တို့ အဓိက လုပ်ကိုင် စားသောက်နေကြတဲ့ တောတောင်တွေကိုလည်း မိုင်းအန္တရာယ်ကို စိုးရိမ်ပြီး မသွားရဲဘူး။ မိုင်းရှင်းလင်းပေးတာတွေလည်း မရှိသေးတော့ ကျနော်တို့က အလုပ်အကိုင် မရှိဘူးပေါ့။ ဆိုတော့ မိုင်းရှင်းလင်းရေးနဲ့ ကျနော်တို့ အခက်အခဲတွေကို မြို့နယ်ထွေအုပ်ရုံးကို တင်ပြသွားဖို့ရှိပါတယ်” ဟု ဆိုသည်။

၎င်းစစ်ဘေးရှောင် ၁ ထောင်ကျော်မှာ ပလက်ဝမြို့နယ်မှ မီးလက်ဝအောက်ရွာ၊ ဘောင်ဝ၊ ငဗွီ၊ အန်ခခိုဝ၊ တမန်းသား၊ ဆီဖလောင်၊ ပလက်ချောင်းဝ၊ အောက်သဲမဝ၊ စိမ့်စမ်းဝ စသည့်ကျေးရွာများအပါအဝင် ကျေးရွာပေါင်း (၁၉)ရွာခန့်မှ အိမ်ထောင်စု (၃၀၀)ခန့်ဖြစ်သည်ဟု သိရသည်။

မီးလက်ဝ အောက်ရွာမှ စစ်ဘေးရှောင်ရွာသားတစ်ဦးက “ အခု အလုပ်က တစ်ခုမှ မရှိဘူး။ တောင်ယာ လုပ်တဲ့အချိန်မဟုတ်တော့ တခြားလုပ်စရာလည်း မရှိဘူး။ တောင်တို့ဘာတို့ တက်လုပ်ဖို့ကလည်း ကျနော်တို့မှာ ကြောက်လန့်မှုတွေရှိနေတယ်။ မိုင်းကို ကြောက်ရတယ်။ ဒါကြောင့် စားဝတ်နေရေးက တော်တော်လေးကို အဆင်မပြေတာတွေ များပါတယ်” ဟု ဆိုသည်။

ယင်းစစ်ဘေးရှောင်များမှာ စစ်ကောင်စီ၏နေရပ်ပြန်ရန် ဖိအားပေး ခိုင်းစေမှုကြောင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလနှင့် ယခုနှစ် ဇန်နဝါရီလများတွင် နေရပ်သို့ အသီးသီးပြန်သွားကြရခြင်းဖြစ်သည်။

ပလက်ဝတွင် ဒေသတည်ငြိမ်နေပြီဟုဆိုကာ စစ်ကောင်စီတာဝန်ရှိသူများက နေရပ်အတင်းပြန်ခိုင်းခဲ့ပြီး အိမ်ထောင်စုတစ်စုကို ငွေကျပ် (၃) သိန်းမှ (၆) သိန်းအထိ ထောက်ပံ့ပေးခဲ့သည်ဟု ဆိုသည်။

လက်ရှိတွင် ရပ်ရွာအနီးနှင့်တောတောင်များတွင် မိုင်းနှင့် စစ်လက်နက် အကြွင်းအကျန်ပစ္စည်းများကို မတော်တဆ ဖြစ်မည်ကို စိုးရိမ်၍ ပလက်ဝမြို့ရှိ စစ်ဘေးရှောင်စခန်းများဖြစ်ကြသည့် ဘောလုံးကွင်း စခန်း၊ ဝိသုဒ္ဓါရုံ ဘုန်းတော်ကြီးကျောင်း၊ စိုက်ပျိုးရေးစစ်ရှောင်စခန်း၊ အာဆီ ခရစ်ယာန်ကျောင်းနှင့် အထက (၁)ကျောင်းစခန်းတို့တွင် နေရပ် မပြန်နိုင်သေးသည့် စစ်ဘေးရှောင် ၅ ထောင်ခန့် ကျန်ရှိနေသေးသည်ဟု သိရသည်။

ရခိုင်ပြည်နယ်တွင်လည်း ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ အမ်း စသည့်မြို့နယ်များမှ စစ်ဘေးရှောင်များသည် စစ်ကောင်စီ၏ ဖိအားပေးမှုကြောင့် ပြီးခဲ့သည့်ဖေဖော်ဝါရီလ ကုန်ပိုင်းမှ စတင်ကာ နေရပ်ပြန်နေကြရကြောင်း သိရသည်။

၎င်းတို့သည်လည်း နေရပ်ပြန်ပြီးနောက် စားရေးသောက်ရေး အခက်အခဲများဖြင့်သာမက အိမ်လည်းမဆောက်နိုင်ကြသဖြင့် နေထိုင်နေရေးလည်း အခက်ကြုံတွေ့ရနေရသည်ဟု ပြောကြသည်။

ရခိုင်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲရပ်တန့်နေသည်မှာ လေးလကျော်ခန့် ကြာမြင့်နေပြီး စစ်ဘေးရှောင်အချို့ နေရပ်ပြန်သွားကြပြီ ဖြစ်သော်လည်း လက်ရှိ အချိန်ထိ စစ်ဘေးရှောင် ၆ သောင်းကျော်ခန့် ကျန်ရှိနေသေးသည်ဟု UN၏ ထုတ်ပြန်ချက်အရ သိရသည်။

ဌေးဌေးအောင်(နိရဥ္စရာ) – ပေးပို့သည်။