နေရပ်မပြန်သည့် လွိုင်ကော်စစ်ရှောင်နေအိမ် ချိတ်ပိတ်မည်ဟု အာဏာသိမ်းစစ်တပ် ခြိမ်းခြောက်

By MPM 20 အောက်တိုဘာ, 2025 👁

ကရင်နီ (ကယား) ပြည်နယ် လွိုင်ကော်မြို့နယ်သို့ နေရပ်မပြန်လာသည့် စစ်ရှောင်နေအိမ်များကို ချိတ်ပိတ်တော့မည်ဟု အာဏာသိမ်းစစ်တပ်က ခြိမ်းခြောက်ကာ နေရပ်ပြန်လာရန် ဖိအားပေးနေကြောင်း သတင်းရရှိသည်။

လွိုင်ကော်မြို့တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်တွင် အာဏာသိမ်းစစ်တပ်နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြပြီး လွိုင်ကော်မြို့ဒေသခံ ထောင်ချီ ထွက်ပြေးခဲ့ရသည်။

ထို့အပြင် ၂၀၂၄ ခုနှစ် ဇွန်လဆန်းပိုင်းတွင် အာဏာသိမ်းစစ်တပ်သည် လွိုင်ကော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့ပြီး၊ စစ်ကော်မရှင်၏ ဖိအားကြောင့် စစ်ဘေးရှောင် အချို့သည်နေရပ်ပြန်ခဲ့ရသည်။

ထိုအာဏာသိမ်းစစ်တပ်ထိန်းချုပ်ထားသည့် ကရင်နီ (ကယားပြည်) လွိုင်ကော်မြို့နှင့် ဘောလခဲမြို့နယ်သည် လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲအပိုင်း (၁) စာရင်းထဲတွင်ပါဝင်နေသည်။

ရွေးကောက်ပွဲ ကျင်းပရန်အတွင်း အာဏာသိမ်းစစ်တပ်က နေရပ်စွန့်ခွာသွားသည့်သူများ ဒီဇင်ဘာလမတိုင်မီ ပြန်လာကြရန်နှင့် ပြန်မလာသည့်နေအိမ်များကို ချိတ်ပိတ်သွားမည်ဟု အာဏာသိမ်းစစ်တပ်က ဖိအားပေးခြိမ်းခြောက်နေသည်။

“တစ်ချို့က ပြန်ရောက်နေပြီ။ မပြန်လာတဲ့အိမ်ကိုတော့ ချိတ်ပိတ်မယ်လို့ပြောတယ်။ ပြန်လာဖို့ ခေါ်နေတယ်” ဟု လွိုင်ကော် နေရပ်ပြန်စစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

လွိုင်ကော်မြို့တွင် စစ်ရှောင်များကို နေရပ်ပြန်လာရန် ခေါ်ဆောင်ခြင်းမှာ ရွေးကောက်ပွဲအတွင်း မဲထည့်ခိုင်းရန်နှင့် မဲစာရင်းများကိုလည်း ရဲစခန်းနှင့် နီးစပ်ရာ ဌာဆိုင်ရာများတွင် လာရောက်စာရင်းပေးရန် အာဏာသိမ်းစစ်တပ်က ညွှန်ကြားထားကြောင်း သိရသည်။

ထိုသို့ အာဏာသိမ်းစစ်တပ်က နေရပ်ပြန်ရန် ဖိအားပေးသော်လည်း နေရပ်မပြန်နိုင်သေးသူများသည် ကျောင်းနေအရွယ် ကလေးများ ပညာရေးတပိုင်းတစဖြစ်မည်ကို စိုးရိမ်သဖြင့် မပြန်နိုင်သေးကြောင်းနှင့် ကျောင်းပိတ်ချိန်မှပြန်ရန် စီစဉ်ထားကြောင်း လွိုင်ကော်စစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

“သူတို့ ပြန်ခိုင်းတာက မဲထည့်ဖို့ ပြန်ခိုင်းမှန်းသိတယ်။ ဒီမှာလည်းကလေးတွေက ကျောင်းဖွင့်ချိန်ဆိုတော့ ပြောင်းရင်လည်း အဆင်မပြေနဲ့ ကျောင်းပိတ်တဲ့အချိန် ပြန်မလို့လုပ်ထားတာ။ ဒီအချိန်မပြန်နိုင်လို့ သိမ်းမယ်ဆိုရင် နေစရာလည်းမရှိသလို ပြန်စရာအိမ်လည်း ရှိတော့မှာမဟုတ်ဘူး” ဟု အဆိုပါ အမျိုးသမီးတစ်ဦးက ပြောသည်။

လွိုင်ကော် – တောင်ကြီးသွားလမ်းတွင်လည်း အာဏာသိမ်းစစ်တပ်၏ တပ်သားနှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တပ်သားတို့က အစစ်ဆေးတင်းကြပ်နေပြီး ထောက်ခံစာမပါလျှင် ကားများကို ပြန်လှည့်ခိုင်းပြီး ငွေညှစ်နေကြောင်း သိရသည်။

“မိုးဗြဲဖက်ကနေ တောင်ကြီးသွားရင် လမ်းမှာ ဂိတ်တွေ ဆယ်ခုလောက် ဖြတ်ရတယ်။ ဆီဆိုင်ကနေသွားလည်း ၁၀ ဂိတ်လောက်ဖြတ်ရတယ်။ ဂိတ်တိုင်းကို ငွေကျပ် ငါးထောင်စီ ပေးခဲ့ရတယ်။ ထောက်ခံစာမပါဘူးဆိုရင် ကားပေါ်တက် အကုန်စစ်၊ လူတွေကိုဆွဲချတယ် ပြီးရင် ပေးမဖြတ်ဘူး ပြန်လှည့်ခိုင်းတယ်” ဟု လွိုင်ကော်စစ်ရှောင် အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။

လွိုင်ကော်မြို့တွင် ပြန်လည်နေထိုင်သူ များပြားလာသော်လည်း အလုပ်အကိုင်ရှားပါးခြင်း၊ လမ်းပန်းဆက်သွယ်ရေးအခက်ခဲရှိခြင်းတို့ကြောင့် ကုန်ဈေးနူန်းမြင့်တက်ကာ ဈေးရောင်းသူများလာပြီး ဝယ်သူနည်းလာသောကြောင့် လုပ်ကိုင်စားသောက်ရန် မလွယ်ကူတော့ကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိ လွိုင်ကော်မြို့တွင် ကုန်ဈေးနှုန်းများ မြင့်တက်နေကာ ကြက်ဥတစ်လုံးလျှင် ကျပ် (၅၀၀)၊ ဆန်ကြမ်းတစ်အိမ်လျှင် ငွေကျပ် (၇) သောင်းမှ ကျပ်တစ်သိန်းအထိရှိနေပြီး ယခင်က ဝမ်းတီးနို့ဆီ တစ်ထုပ်လျှင် ကျပ် (၅၀) သာရှိသော်လည်း ယခုတွင် ငွေကျပ် (၄၀၀) အထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။

သျှမ်းသံတော်ဆင့်