နို့ဖိုးဒုက္ခသည်စခန်းပိတ်သိမ်းရန် ထိုင်းအာဏာပိုင်များ စီစဥ်နေ

By MPM 28 မေ, 2026 👁 2

ထိုင်းနိုင်ငံ၊ တာခ့်ခရိုင်၊ အုန်းဖန်မြို့နယ်ရှိ နို့ဖိုးဒုက္ခသည်စခန်းကို ပိတ်သိမ်းပြီး အခြားဒုက္ခသည်စခန်းနှစ်ခုသို့ ပေါင်းစည်းသွားရန် ထိုင်းအာဏာပိုင်များက စီစဥ်နေကြောင်း ကရင်ဒုက္ခသည်များကော်မတီ – KRC ထံမှ သိရသည်။

(၅) နှစ်စီမံကိန်းဖြင့် နို့ဖိုးဒုက္ခသည်စခန်းကိုပိတ်သိမ်းရန် ထိုင်းအာဏာပိုင်များတွင် အစီအစဥ်ရှိနေပြီး စခန်းအတွင်းနေထိုင်သူများကို တာ့ခ်ခရိုင်ထဲရှိ အုန်းဖြန်၊ မယ်လဒုက္ခသည်စခန်းနှစ်ခုသို့ ပြောင်းရွေ့ပေးသွားရန်ဖြစ်သည်ဟု KRC က ပြောသည်။

“ဒုက္ခသည်တွေကို စောင့်ကြည့်ပေးတဲ့ ထိုင်းအာဏာပိုင်ဆီက ပြောလာတာ မကြာသေးဘူး ဒီလ (၁၅) ရက်နေ့တုန်းကပဲ။ (၅) နှစ် စီမံကိန်းကာလအတွင်းမှာ လုပ်ဆောင်သွားမယ်။ အချိန်စောမလားကြာမလားတော့မသိသေးဘူး” ဟု KRC အတွင်းရေးမှူး စောပွယ်စေးက ပြောသည်။

KRC အနေဖြင့် စခန်းမပိတ်သိမ်းခင်ကာလအတွင်း သွားရောက်နေထိုင်လိုသည့် ဒုက္ခသည်စခန်းအမည်စာရင်း ကောက်ယူရေးလုပ်ငန်းစဥ်ကို ဦးစွာလုပ်ဆောင်သွားမည်ဖြစ်သည်။ ထိုင်းအာဏာပိုင်များဘက်ကလည်း နာမည်စာရင်းများ စတင် တင်သွင်းနိုင်ပြီဖြစ်ကြောင်း အသိပေးအကြောင်းကြားထားခြင်းရှိသည်ဟု စောပွယ်စေးက ဖြည့်စွက်ပြောသည်။

တစ်ဖက်က အုန်းဖြန်နှင့် မယ်ဒုက္ခသည်စခန်းတွင်လည်း နို့ဖိုးဒုက္ခသည်စခန်းမှပြောင်းရွှေ့လာသူများ နေထိုင်ရေးအတွက် လူနေထိုင်မှုမရှိတော့သည့်နေအိမ်အလွတ်စာရင်းများ ကောက်ယူထားခြင်းရှိနေကြောင်း သိရသည်။

သို့ရာတွင် နေရာရွှေ့ပြောင်းရမည့်အခြေအနေအပေါ် နို့ဖိုးဒုက္ခသည်စခန်းမှ သက်ဆိုင်ရာတာဝန်ရှိသူများက လာရောက်ရှင်းလင်းမှု တိကျစွာ မရှိသေးဟု စခန်းအတွင်းနေထိုင်သူများက ဆိုသည်။

ယင်းကြောင့် စိုးရိမ်စိတ်ရှိနေပြီး ရွှေ့ပြောင်းစာရင်းသွားပေးသူ မရှိသလောက်နည်းပါးနေကြောင်း နို့ဖိုးစခန်း၊ ရပ်ကွက်(၆) တွင်နေထိုင်သူတစ်ဦးက ပြောသည်။

၎င်းက “ပြောင်းရွှေ့ရရင် ဘဝက အစက ပြန်စရမယ်ဆိုတော့ တချို့က စိုးရိမ်စိတ်ဝင်လာတယ်။ တစ်ခါမှမရောက်ဖူးတဲ့လူတွေရှိတော့ စဉ်းစားရင်းဆိုက်ကိုဝင်တဲ့လူတွေတောင်ရှိတယ်။ ပြောင်းဖို့ ဘယ်လိုတွေစီစဉ်ထားလဲ ရပ်ကွက်တွေထဲမှာ ရှင်းရှင်းလင်းလင်းလာရောက်ရှင်းပြသင့်တယ်” ဟု ကေအိုင်စီကို ပြောသည်။

ထိုင်းအာဏာပိုင်များသည် နို့ဖိုးဒုက္ခသည်စခန်းသာမက မယ်ရာမို၊ မယ့်လာအူး၊ ကရင်နီဒုက္ခသည်စခန်း၊ ဘန့်ဒုံယမ်းဒုက္ခသည်စခန်းနှင့် ထမ့်မဟင် ဒုက္ခသည်စခန်းများတွင်လည်း လျှော့ချရေး အစီအစဥ်ရှိနေကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်းရှိ ဒုက္ခသည်စခန်းများတွင် နိုင်ငံတကာ၏ရိက္ခာထောက်ပံ့မှု ဖြတ်တောက်ခံလိုက်ရပြီးနောက် ဒုက္ခသည်များကိုယ်တိုင်ရပ်တည်နိုင်ရန် ထိုင်းအစိုးရဘက်မှ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်ကစ၍ ဒုက္ခသည်များ ပြင်ပထွက် တရားဝင်အလုပ်ထွက်လုပ်ခွင့်မူဝါဒတစ်ရပ် ချမှတ်လိုက်သည်။

ထို့အတူ ဒုက္ခသည်စခန်းထဲနေထိုင်သူအားလုံးအတွက် ဂဏန်း (၁၃) လုံးပါသည့် သက်သေခံကတ်တစ်မျိုးထုတ်ပေးရန်လည်း ထိုင်းအစိုးရက စီစဥ်နေခြင်းရှိသည်။

ကေအိုင်စီ