နိုင်ငံရေး၊ စစ်ရေး အပါအဝင် ကဏ္ဍ ၄ ခုတွင် ပူးပေါင်းဆောင်ရွက်ရန် ABSDF နှင့် NUG တို့ နားလည်မှုစာချွန်လွှာ ချုပ်ဆို

By MPM 13 စက်တင်ဘာ, 2024 👁

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) တို့အကြား နိုင်ငံရေး၊ စစ်ရေး၊ လူထုစည်းရုံးရေးနှင့် ဘဏ္ဍာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားမည့် နားလည်မှုစာချွန်စွာတရပ်ကို ချုပ်ဆိုပြီးစီးခဲ့ကြောင်း နှစ်ဖက်အဖွဲ့က ထုတ်ပြန်ကြေညာသည်။

ABSDF နှင့် NUG ကြား အပြန်အလှန်နားလည်မှု၊ နိုင်ငံရေးဂုဏ်သိက္ခာ အသိအမှတ်ပြုမှုအပေါ် အခြေခံ၍ ခိုင်မာ အားကောင်းသော ဆက်ဆံရေး၊ စစ်အာဏာရှင်စနစ် ပျက်သုဥ်းရေး၊ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖြစ်ပေါ်လာရေးတို့အတွက် ပူးပေါင်းဆောင်ရွက်ကြရန်ရည်ရွယ်ပြီး ထိုစာချွန်လွှာကို စက်တင်ဘာ ၁၂ ရက်နေ့က ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ABSDF ၏ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ရဲဘော်ကျော်ကျော်လင်းက “ကျနော်တို့ ရည်ရွယ်တာက ရှိပြီးသားပူးပေါင်းဆောင်ရွက်မှုတွေ ပိုပြီးစနစ်ကျလာအောင်ရယ် ရေရှည်တည်တန့်စေရေးရယ်ကို ရည်ရွယ်တာပါ။ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုအပိုင်းကတော့ ပိုပြီးပုံမှန်အတိုင်း ဆက်ရှိနေမှာပါ” ဟု ပြောဆိုသည်။

နှစ်ဖက်အဖွဲ့၏ပူးပေါင်းဆောင်ရွက်မှုများမှ သဘောထားဆက်ဆံရေး ပိုမိုကောင်းမွန်လာရေးနှင့် အကျိုးအမြတ် ပိုမိုဖြစ်ထွန်းလာစေရေးအရ လက်မှတ်ရေးထိုးကြသည့် နားလည်မှုစာချွန်လွှာသည် အစိုးရတရပ်ဖြစ်သော NUG အနေဖြင့် တော်လှန်ရေးအဖွဲ့အစည်းတစ်ခုနှင့် ပထမဆုံးရေးထိုးချုပ်ဆိုခြင်းလည်းဖြစ်ကြောင်း သိရသည်။

စစ်အာဏာသိမ်းချိန်မှစ၍ တိုင်းရင်းသားတော်လှန်ရေးမှ တစ်နိုင်ငံလုံးတော်လှန်ရေးအဖြစ် အသွင်ပြောင်း လာသော လက်ရှိ ၃ နှစ်ကျော် ကာလအတွင်း ABSDF တပ်ဖွဲ့ဝင်များအပါအဝင် NUG လက်အောက်ခံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ – PDF များနှင့် ကရင်အမျိုးသားအစည်းအရုံး – KNU ကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်များ ပူးပေါင်း၍ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုသည် တစ်စထက်တစ်စ အားကောင်းလျက်ရှိသည်။

ယခုလို စာချွန်လွှာချုပ်ဆိုခြင်းနှင့်ပတ်သက်၍ နိုင်ငံရေးသုံးသပ်လေ့လာသူ မောင်ကျော်စွာက တော်လှန်ရေးအတွက် အပြုသဘောဆောင်ကောင်းမွန်သည့် ဆောင်ရွက်ချက်ကို ကြိုဆိုကြောင်း၊ NUG အနေဖြင့်လည်း အခြားသော တော်လှန်ရေးအဖွဲ့များနှင့် အပြန်အလှန်အသိမှတ်ပြုသော နောက်ထပ်စာချွန်လွှာရေးထိုးစရာ ကြိုဆိုကမ်းလှမ်းသည့်သဘောထားမျိုးရှိသင့်ကြောင်း ၎င်းကိုယ်ပိုင် လူမှုကွန်ရက်စာမျက်နှာမှတဆင့် အကြံပြု ရေးသားထားသည်။

Zoom (အွန်လိုင်း) ဖြင့် နားလည်မှုစာချွန်လွှာ ချုပ်ဆိုသည့်အခမ်းအနားကို NUG ယာယီသမ္မတ ဒူဝါလရှီးလ အပါအဝင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် ဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ ABSDF ဘက်မှ ဥက္ကဌ ရဲဘော်သံခဲ၊ ဒု-ဥက္ကဌ၊ အထွေထွေအတွင်းရေးမှူးနှင့် အခြားတာဝန်ရှိသူများ၊ ဗဟိုကော်မတီဝင်များ၊ နယ်မြေ တာဝန်ခံများ တက်ရောက်ခဲ့ကြကြောင်း နှစ်ဖက်အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

KIC ပေးပို့သည်။