လူမှုကွန်ရက်တွင် ပေါက်ကြားလာသည့် စစ်အုပ်စုတရားရုံး၌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ အမှုထွက်ဆိုချက်သည် ဒေါ်အောင်ဆန်းစုကြည် အမှုတွဲဖြစ်ပြီး ထိုထွက်ဆိုချက်စာတွင် ပြင်ပလောကနှင့် အဆက်အသွယ်ဖြတ်တောက်ထားသောကြောင့် “မသိ” ဟူသော မေးခွန်းခြောက်ခု ဖြေဆိုထားသည်ကို တွေ့ရသည်။
ထိုထွက်ဆိုချက်သည် ဦးဝင်းမြင့်ကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၂ ရက်နေ့ တွင် ဇမ္ဗူသီရိမြို့နယ်တရားရုံး၌ စစ်ဆေးခဲ့သည့် ထွက်ဆိုချက်ဖြစ်သည်။
ထိုထွက်ဆိုချက်တွင် အာဏာသိမ်းချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့၌ စစ်ကော်မရှင်တပ်၏ ဗိုလ်ချုပ်ကြီး သို့မဟုတ် ဒု-ဗိုလ်ချုပ်ကြီးနှစ်ဦးက ဦးဝင်းမြင့်ကို ကျန်းမာရေးအကြောင်းပြကာ နိုင်ငံတော်သမ္မတတာဝန်မှ နှုတ်ထွက်ခိုင်းသော်လည်း အသက်အသေခံကာ နှုတ်ထွက်မပေးနိုင်ကြောင်း ထွက်ဆိုခဲ့သည်။
ပြီးခဲ့သည့် ဇွန်လ ဒုတိယအပတ်တွင်လည်း ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၆ ရက် ရက်စွဲဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တရားရုံးထွက်ဆိုချက်တစောင် ပေါက်ကြားခဲ့သေးသည်။
ထိုထွက်ဆိုချက်နှစ်ခုတွင် ဦးဝင်းမြင့်ကို တရားခံသက်သေသေ အမှတ်စဉ် (၁) ဟု ဖော်ပြထားပြီး၊ ဒေါ်အောင်ဆန်းစုကြည်ကို တရားခံသက်သေ (၂) ဟု ဖော်ပြထားသည်။
ထွက်ဆိုချက်နှစ်ခုလုံးတွင် ရာကြီးမှု အမှတ် (၃၅) ဟု ပါရှိသဖြင့် ယခု ထပ်မံပေါက်ကြားလာသည့် ဦးဝင်းမြင့်၏ ထွက်ဆိုချက်သည် ယခင် ပေါက်ကြားလာသည့် ဒေါ်အောင်ဆန်းစုကြည်၏ တရားရုံးထွက်ဆိုချက်နှင့် အမှုတွဲတခုတည်းဖြစ်သည်။
လက်ရှိ ပေါက်ကြားလာသည့် ထွက်ဆိုချက်အတွင်း အပြန်အလှန်မေးမြန်းမှုတွင် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက်တွင် လူမှုကွန်ရက်၌ ပျံ့နှံ့လာခဲ့သည့် “ပြည်သူသို့ ပန်ကြားချက်စာ” အကြောင်း၊ NLD ပါတီဝင်များဦးဆောင်၍ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) (မူရင်းအရေးသားအတိုင်း)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) စသည်တို့ကို ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ကို ယခင်တည်းက ဖွဲ့စည်းရန် ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်ကြောင်း၊ NLD အဖွဲ့ဝင်များပါဝင်သည့် လူငယ်များက PDF အကြမ်းဖက်အဖွဲ့များကို နိုင်ငံ၏ ဒေသတော်တော်များများတွင် ဖွဲ့စည်းခဲ့ကြခြင်းဖြစ်ကြောင်း၊ PDF အဖွဲ့များက အများပိုင်နေရာများကို ဗုံးခွဲခြင်း၊ လုံခြုံရေးအဖွဲ့များကို တိုက်ခိုက်ခြင်း၊ ဒလန်ဟုစွပ်စွဲကာ သတ်ဖြတ်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရနှင့် နိုင်ငံတော်ငြိမ်ဝပ်ရေးကို ထိခိုက်စေသည့် ပြစ်မှုကို တဦးတယောက်က ကျူးလွန်စေရန် ရည်ရွယ်ချက်ဖြင့် သက်သေခံ (က) အကြောင်းကြားစာနှင့် သက်သေခံ (ခ) ကြေညာချက်ကို NLD ဗဟိုအလုပ်မှုဆောင်အဖွဲ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း စသည့် မေးခွန်းခြောက်ခုကို ဦးဝင်းမြင့်က ၂၀၂၁ ဖေဖော်ဝါရီ ၁ နံနက် ၅ နာရီတည်းက ဖမ်းဆီးခံရချိန်မှစ၍ ပြင်ပလောကနှင့် အဆက်သွယ်ဖြတ်တောက်ခံထားရသောကြောင့် မသိဟု ဖြေဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးမေးမြန်းချက်တွင်လည်း သက်သေခံ (က) အကြောင်းကြားစာနှင့် သက်သေခံ (ခ) ကြေညာချက်တို့နှင့်ပတ်သက်သည့် မေးခွန်းကို ပြင်ပနှင့် အဆက်အသွယ်မရှိသဖြင့် မဖြေဆိုနိုင်ကြောင်း၊ CRPH၊ NUG နှင့် PDF တို့ ဖွဲ့စည်းထားသည်ကို မသိသဖြင့် သဘောထားပေးရန် မရှိကြောင်း၊ CRPH ကို ယခင်တည်းက ဖွဲ့စည်းရန် ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်သည်ဆိုသည့် မေးခွန်းကို လုံးဝမသိကြောင်း၊ PDF များ မိုင်းခွဲတိုက်ခိုက်ခြင်း၊ ဒလန်စွပ်စွဲသတ်ဖြတ်ခြင်း ပြုလုပ်နေသည်ဆိုသည့် မေးခွန်းကို ပြင်ပနှင့်အဆက်အသွယ်ဖြတ်ထားသဖြင့် မသိကြောင်း၊ နိုင်ငံတော်မတည်ငြိမ်မှုဖြစ်စဉ်များသည့် NLD မှ ထုတ်ပြန်သည့် သက်သေခံ (က) နှင့် (ခ) များကြောင့် ဖြစ်ပေါ်ခဲ့ရသည်ဆိုသည့်မေးခွန်းကို မည်သည့်မတည်ငြိမ်မှုများကို ဆိုလိုသည်မှန်းမသိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဖြေဆိုခဲ့သည်ကို တွေ့ရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၂၁ အောက်တိုဘာ ၂၆ ရက် ထွက်ဆိုချက်စာရှိ စာမျက်နှာ (၃) ငါးပိုဒ်မြောက်တွင် “အမှုတွဲပေါ်ပေါက်ချက်အရ ယခုအမှုမှ စွပ်စွဲခံရသူ သုံးဦးအပေါ် စွဲဆိုထားသည့်အမှုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ထုတ်ပြန်ခဲ့သည့် ကြေညာချက်နှစ်စောင်နှင့်ပတ်သက်၍ စစ်ဆေးနေသည့်အမှုဖြစ်ကြောင်း” ဟု ဖော်ပြထားသဖြင့် ထိုအမှုတွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်အပြင် နောက်ထပ် အမှုတွဲတဦး ပါဝင်နေသေးသည်။
ပေါက်ကြားလာသည့် ထွက်ဆိုချက်များကို လေ့လာကြည့်ပါက အမှုတွဲတွင် ထပ်မံပါဝင်နေသူမှာ NLD သဘာပတိတဦးဖြစ်သည့် ဦးဝင်းထိန်ဟု ယူဆရသည်။ သို့သော် ဤအချက်နှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် ထပ်မံအတည်ပြုရန် စုံစမ်းနေဆဲဖြစ်သည်။
ထွက်ဆိုချက်အတွင်း ပါဝင်သည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် လူမှုကွန်ရက်၌ ပြန့်နှံ့လာသော “ ပြည်သူသို့ ပန်ကြားချက်” စာတွင် ပြည်သူများက ယခုစာကို ဖတ်နေချိန်တွင် စစ်အုပ်စုက ၂၀၀၈ ကို လျစ်လျှူရှုကာ လွှတ်တော်နှင့် အစိုးရအဖွဲ့ကို ဖျက်သိမ်းပြီးဖြစ်ကြောင်း၊ တိုင်းပြည်ကို စစ်အာဏာရှင်စနစ်အောက်သို့ ပြန်လည်ကြိုးပမ်းသောလုပ်ရပ်ဖြစ်သောကြောင့် တပ်မတော်အာဏာသိမ်းခြင်းကို ပြည်သူလူထုအနေဖြင့် လုံးဝလက်မခံဘဲ တခဲနက်ဆန့်ကျင်ကြရန် ဒေါ်အောင်ဆန်းစုကြည်၏ ပန်ကြားချက်စာဖြစ်သည်။
“ပန်ကြားချက်၏ အောက်ခြေတွင် အထက်ပါ ပြည်သူသို့ပန်ကြားချက်မှာ ဒေါ်အောင်ဆန်းစုကြည်၏ အာဘော်အစစ်ဖြစ်ကြောင်း ကျွန်ုပ်အသက်နှင့်ရင်း၍ သစ္စာဆို တိုင်တည်ဝံ့ပါသည်။ ဝင်းထိန်” ဟူသော လက်ရေးမူလည်း ပါရှိသည်။
ထို့ပြင် သက်သေခံ (က) အဖြစ် တင်သွင်းခဲ့သည့် အကြောင်းကြားစာသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်နေ့တွင် NLD မှ ထုတ်ပြန်ခဲ့သည့် ဦးဝင်းမြင့်သာ နိုင်ငံတော်သမ္မတဖြစ်ကြောင်းနှင့် အာဏာသိမ်းစစ်အုပ်စုနှင့် ပူးပေါင်းခြင်းမပြုရန် သက်ဆိုင်ရာ နိုင်ငံများနှင့် သံရုံးများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများကို တိုက်တွန်းထားသည့် စာဖြစ်ကြောင်း BBC မြန်မာပိုင်းတွင် ၂၀၂၁ ခုနှစ် ဇွန် ၂၉ ရက်နေ့က ဖော်ပြခဲ့သည့် “သက်သေခံ စာရွက်နှစ်စောင်ကို ဒေါ်အောင်ဆန်းစုကြည်ရှေ့နေ ကန့်ကွက်မှု တရားရုံးက ပယ်ချ” ဟူသည့် သတင်းဖော်ပြချက်အရ သိရသည်။
သက်သေခံ (ခ) အဖြစ် တင်သွင်းထားသည့် အကြောင်းကြားစာကမူ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် NLD က ထုတ်ပြန်သည့် ကြေညာချက်ဖြစ်ပြီး ထိုကြေညာချက်တွင် အာဏာသိမ်းစစ်အုပ်စု၏ အမိန့်၊ ညွှန်ကြားချက်နှင့် ဥပဒေများသည် တရားမဝင်ကြောင်းနှင့် ဥပဒေပြုရေးအာဏာသည် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH တွင်သာရှိကြောင်း ဖော်ပြထားသည်။
အာဏာသိမ်းပြီးနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုက ဖမ်းဆီးထိန်းသိမ်းကာ အမှုပေါင်း ၁၉ မှုဖြင့် စွပ်စွဲပြီး ထောင်ဒဏ် ၃၃ နှစ်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို အမှုပေါင်း ရှစ်မှုဖြင့် ထောင်ဒဏ် ၁၂ နှစ်ချမှတ်ကာ ပြစ်ဒဏ်လျှော့ချမှုကြောင့် လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်က ထောင်ဒဏ် ၂၇ နှစ်၊ ဦးဝင်းမြင့်က ထောင်ဒဏ် ရှစ်နှစ် ချမှတ်ခံထားရသည်။
မဇ္ဈိမ