ဒေသခံများကန့်ကွက်သည့်ကြားက မြင်းမထိတောင် သတ္တုတူးဖော်ရေးကို ဆက်လက်လုပ်ဆောင်နေ

By MPM 11 ဧပြီ, 2025 👁

ရှမ်း – ကရင်နီ (ကယား) နယ်စပ် ဖယ်ခုံမြို့နယ်၊ သိကျိတ်ကျေးရွာအုပ်ရှိ မြင်းမထိတောင်တွင် လုပ်ဆောင်မည့် ခဲသတ္တုတူးဖော်ရေးလုပ်ငန်းကို ဒေသခံများကန့်ကွက်နေသည့်ကြားက လေးပွင့်ကြယ်ကုမ္ပဏီနှင့် မစ္စတာဝမ်ကုမ္ပဏီတို့က စက်ယန္တရားများသယ်ယူပို့ဆောင်၍ လုပ်ငန်းအတွက် ပြင်ဆင်နေကြသည်ဟု ဒေသခံများဖြစ်သည့် ပရာဒေါင်းဆွေမျိုးစုက ပြောသည်။

မြင်းမထိတောင်ပေါ်တွင် အကြီးစား ခဲ၊ သတ္တု တူးဖော်ရေးလုပ်ငန်းဆောင်ရွက်ရန် တရုတ်ပိုင် မစ္စတာဝမ်ကုမ္ပဏီနှင့် ဦးသန်းစိုးနိုင်ဦးဆောင်သော ကြယ်လေးပွင့်ကုမ္ပဏီက ၅ နှစ်စာချုပ် ချုပ်ဆိုထားခဲ့ကြောင်း သိရှိရသည်။

မြင်းမထိတောင်တွင် သတ္တုတွင်း အကြီးစားတူးဖော်ရေးလုပ်ငန်း ဆောင်ရွက်ပါက တောင်ပေါ်တွင်ရှိသည့် ခေါင်တလို ကျေးရွာ၊ စခန်းကြီးရွာဟောင်း၊ စခန်းကြီးရွာသစ်နှင့် တောင်အောက်ရှိ သိကျိတ်ကျေးရွာတို့ ထိခိုက်ပျက်စီးစေနိုင်သည်ဟု မြင်းမထိနယ်မြေဒေသခံတို့က ပြောသည်။

“သူတို့ဘက်ကလည်း ဆီ (ဓာတ်ဆီ) ကားတွေ ပစ္စည်းတင်ကားတွေ ပြီးခဲ့တဲ့တပတ်တုန်းက ပို့သေးတယ်။ ကျနော်တို့ရပ်နားခိုင်းပေမဲ့ သူတို့က ဆက်လုပ်ချင်တယ်ဆိုတဲ့ပုံစံပေါ့။ တွေ့ဆုံဆွေးနွေးမှုတွေလည်း အခုထိ မရှိသေးဘူး” ဟု မြင်းမထိနယ်မြေဒေသခံ ပရာဒေါင်းဆွေမျိုးစုဥက္ကဌ ကိုအောင်နိုင်စိုးက ပြောဆိုသည်။

မြင်းမထိနယ်မြေဒေသခံဖြစ်သည့် ပရာဒေါင်းဆွေမျိုးစုက ခဲ၊ သတ္တု တူးဖော်မှုနှင့်ပတ်သတ်ပြီး အသေးစိတ် အချက်အလက်ကို ပွင့်လင်းမြင်သာစွာ ချပြစေလိုသည်ဟု မတ်လ ၂၆ ရက်နေ့က ကြယ်လေးပွင့်ကုမ္ပဏီထံ အသိပေးစာ ထုတ်ပြန်ပေးပို့ခဲ့ပေမယ့် ကုမ္ပဏီဘက်က တုံ့ပြန်ခြင်းမရှိ။

လက်ရှိတွင်လည်း လေးပွင့်ကြယ်ကုမ္ပဏီနှင့် မစ္စတာဝမ်ကုမ္ပဏီတို့က မြင်းမထိတောင်ပေါ်တွင် သတ္တုစမ်းသပ် ရှာဖွေခြင်း၊ လမ်းဖောက်လုပ်ခြင်း၊ အဆောက်အဦး ပြုပြင်မွမ်းမံမှုတို လုပ်ဆောင်နေတာကြောင့် ရပ်ဆိုင်းပေးရန် ဒေသခံပရာဒေါင်းဆွေမျိုးစုက တောင်းဆိုထားသည်။

ပရာဒေါင်းဆွေမျိုးစုက မတ်လ ၂၆ ရက်နေ့တွင် လေးပွင့်ကြယ်ကုမ္ပဏီသို့ ပေးပို့သောအသိပေးစာတွင် တွေ့ဆုံဆွေးနွေးမှု မပြေလည်မချင်း ကုမ္ပဏီများက စက်ယန္တရား၊ လုပ်သား ဆက်လက်မပို့ဆောင်ရန်နှင့် ပို့ဆောင်ပါက ဒေသခံလူထုတို့ပူးပေါင်းပြီး သိကျိတ်ကျေးရွာအတွင်း စစ်ဆေးဟန့်တားမည်ဟု ပြောဆိုထားသည်။

“ကျနော်တို့က အိတ်ဖွင့်စာပို့ထားတဲ့အတိုင်း ဆက်လုပ်သွားမယ်။ အဲ့တိုင်းပဲ ရပ်တည်သွားမယ်” ဟု ပရာဒေါင်းဆွေမျိုးစု ဥက္ကဌအောင်နိုင်စိုးက ပြောသည်။

မြင်းမထိတောင်ပေါ်တွင် ဘိုးဘေးစဥ်ဆက်က ဒေသခံများ တပိုင်တနိုင်လုပ်ကိုင်နေသည့် ခဲ၊ သတ္တု တူးဖော်မှုများ ယနေ့အထိ ရှိနေဆဲဖြစ်သည်။

ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။