အာဏာသိမ်း ကာချုပ်ဟောင်း မင်းအောင်လှိုင် ဦးဆောင်သည့် အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ပြည်ထောင်စု အတိုင်ပင်ခံကောင်စီကို ဒုစစ်ခေါင်းဆောင်ဟောင်း ဦးစိုးဝင်း၊ စစ်ကော်မရှင်၏ ဝန်ကြီးဟောင်းနှင့် အကြံပေးများဖြင့် ဖွဲ့စည်းလိုက်သည်။
၂၀၂၆ ခုနှစ် သမ္မတ မင်းအောင်လှိုင်က ၎င်းအား ရာထူးအာဏာမပေးဟု ဝေဖန်ခံနေရသည့် ဒုကာချုပ်ဟောင်း ဦးစိုးဝင်းက ထိုကောင်စီတွင် ဥက္ကဋ္ဌ ရာထူးရရှိထားပြီး စစ်တပ် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည့် ပြည်သူ့ပါတီ ခေါင်းဆောင် ဦးကိုကိုကြီးက အဖွဲ့ဝင်အဖြစ် ပါဝင်လာသည်။
ထိုကောင်စီ ဖွဲ့စည်းလိုက်ကြောင်း ယနေ့ (ဧပြီလ ၁၀ ရက်) တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး အဖြစ်မှ အငြိမ်းစားပေးခံလိုက်ရသည့် ဦးမောင်မောင်အေးက ကောင်စီတွင် အတွင်းရေးမှူး ဖြစ်လာခဲ့သည်။
ကောင်စီတွင် အဖွဲ့ဝင် ၁၁ ဦး ပါဝင်ပြီး စစ်ကော်မရှင် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးသန်းဆွေ၊ သမ္မတရုံးဝန်ကြီးဌာန (၂) ဝန်ကြီးဟောင်း ဦးကိုကိုလှိုင်၊ ဝန်ကြီးဟောင်းနှင့် ရေတပ်ဗိုလ်ချုပ်ကြီးဟောင်း မိုးအောင်၊ မင်းအောင်လှိုင်၏ အကြံပေးအဖွဲ့ဝင် ဒေါက်တာရင်ရင်နွယ်တို့ အဖွဲ့ဝင်အဖြစ် ပါဝင်လာသည်။
ဖက်ဒရယ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဒေါ်ချိုချိုကျော်ငြိမ်းလည်း အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပြီး ၎င်းပါတီသည် စစ်ကော်မရှင် ရွေးကောက်ပွဲတွင် အမတ်လောင်း ၈၂ နေရာ တင်သွင်းခဲ့ပြီး တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်တွင် သုံးနေရာ အနိုင်ရရှိခဲ့သည်။
ဒေါ်ချိုချိုကျော်ငြိမ်းမှာ မြန်မာ့နိုင်ငံရေးသမိုင်းတွင် လူသိများထင်ရှားသည့် ဦးကျော်ငြိမ်း၏ သမီးဖြစ်သည်။
ဦးကျော်ငြိမ်းသည် ပါလီမန် ဒီမိုကရေစီအစိုးရအဖွဲ့တွင် ပြည်ထဲရေးဝန်ကြီး၊ ဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
စစ်ကောင်စီ အဖွဲ့ဝင်ဟောင်းနှင့် ကာလုံအကြံပေးအဖွဲ့ဝင် မန်းငြိမ်းမောင်လည်း ကောင်စီအဖွဲ့ဝင်ဖြစ်လာခဲ့ပြီး ၎င်းသည် အမေရိကန်နှင့် သြစတြေးလျနိုင်ငံ၏ ဒဏ်ခတ်ပိတ်ဆို့ခံထားရသူဖြစ်သည်။
မန်းငြိမ်းမောင်သည် KNU ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဟောင်းဖြစ်ပြီး ဦးနေဝင်းအစိုးရက ၎င်းအား ထောင်ဒဏ်တသက်တကျွန်း ချမှတ်မှု အပါအဝင် ၂၀၁၁ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်များတွင် ထောင်ဒဏ်ချမှတ်မှုခံခဲ့ရသူဖြစ်သည်။
စစ်ကောင်စီအဖွဲ့ဝင်ဟောင်းနှင့် ကာလုံအကြံပေးအဖွဲ့ဝင်ဖြစ်ပြီး လက်ရှိ ကြံ့ဖွံ့ပါတီမှ အမတ် ဒေါ်ဒွဲဘူနှင့် ရခိုင်တိုင်းရင်း သားလည်းဖြစ်၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ဒုဝန်ကြီးဟောင်းလည်းဖြစ်သည့် ဦးဇော်အေးမောင်တို့ကိုလည်း အဖွဲ့ဝင်အဖြစ် ထည့်သွင်းထားသည်။
ကာချုပ်ဟောင်း မင်းအောင်လှိုင်သည် ယနေ့ နေပြည်တော်တွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် ပြည်ထောင်စုလွှတ်တော်တွင် ၂၀၂၆ သမ္မတအဖြစ် ကျမ်းကျိန်ခဲ့ပြီး ၎င်းတို့ ဖွဲ့စည်းထားသည့် စစ်ကော်မရှင်ကို ဖျက်သိမ်းကြောင်းလည်း လွှတ်တော်က ကြေညာခဲ့သည်။
ထို့နောက် အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းခြင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) ဖွဲ့စည်းခြင်း၊ ကာချုပ်ဟောင်း မင်းအောင်လှိုင် ဦးဆောင်သည့် ဘဏ္ဍာရေးကော်မရှင် ဖွဲ့စည်းခြင်းလည်း ပြုလုပ်ခဲ့သည်။
အတိုင်ပင်ခံကောင်စီဝင်များအနက် ဦးကိုကိုကြီးတဦးတည်းမှအပ ကျန်အဖွဲ့ဝင်အားလုံးသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကာချုပ်ဟောင်း မင်းအောင်လှိုင်က ပေးအပ်ခဲ့သည့် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ရရှိထားသူများ ဖြစ်ကြသည်။
မဇ္ဈိမ