ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် ဩဂုတ်လအတွင်း ဆန်ပြတ်လပ်မှု အဆိုးဆုံး အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု ဒေသတွင်း စစ်ဘေးရှောင်များနှင့် စစ်ရှောင်များအား အကူအညီ ပေးနေသူများက ပြောသည်။
အလှူရှင်များ ရှားပါးလာခြင်း၊ မိုးဗြဲဆည်ရေလွှတ်ချမှုကြောင့် လယ်ကန်သင်းများ ရေမြုပ်ကုန်ခြင်း၊ မိုးစဉ်ဆက်မပြတ် ရွာသွန်းမှုတို့ကြောင့် စပါးခင်းပျက်စီးခြင်းစသည့် အကြောင်းအရာများကြောင့် ဆန်ပြတ်လပ် လာခြင်း ဖြစ်သည်ဟု ၎င်းတို့က ပြောဆိုသည်။
စစ်ဘေးရှောင်အရေး လှုပ်ရှားဆောင်ရွက်နေသူတစ်ဦးက “ဆန်ပြတ်လာတော့ အချင်းချင်းမျှကြတာပေါ့။ မျှလို့ မရတဲ့ နေရာတွေကြတော့ ဆန်ပြုတ်သောက်ပေါ့။ တချို့တွေလည်း တောထဲသွားပြီး ဟင်းရွက်တွေနဲ့ အသားတွေ နဲ့ ချက်စားကြပေါ့။ ဆန်ပြတ်တာက လေကြောင်းလာတာလောက်တော့ မဆိုးသေးဘူး” ဟု ပြောသည်။
ယခင်နှစ်များတွင် နှစ်မကုန်မီ စပါးရိတ်သိမ်းခြင်း၊ အခြားဒေသမှ ဆန်များ ဝင်ရောက်လာခြင်းတို့ကြောင့် ဆန်ရှားပါးမှု၊ ပြတ်လပ်မှု ပြဿနာများကို ဖြေရှင်းနိုင်ခဲ့ကြသော်လည်း ယခုနှစ်တွင်မူ ထိုသို့အခြေအနေ မရှိသဖြင့် စစ်ဘေးရှောင်များမှာ ဆန်ရရှိရန်အတွက် စိုးရိမ်ပူပန်နေရသည်ဟု ဆိုသည်။
လတ်တလော အခြေအနေအရ နှစ်ပတ်ခန့်အတွက်သာ ဆန်လုံလောက်တော့မည်ဖြစ်ပြီး တော်လှန်ရေး အင်အားစုများနှင့် စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးသည့် အဖွဲ့အစည်းများက ဆန်ရရှိရန် ကြိုးပမ်းနေကြ သည်ဟု စစ်ဘေးရှောင်များက ပြောဆိုသည်။
စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက “ဗိုက်ဆာရင် ကလေးတွေက အရမ်းငိုတယ်။ ငယ်ကတည်းက ထမင်းပဲစားတော့ မုန့်သရေစာတွေလည်း မစားတတ်ဘူး။ အဲဒါတွေလည်း ဒီမှာဝယ်ဖို့ မရှိဘူးလေ” ဟု ပြောသည်။
ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၁ ရွာတွင် စစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၃ သောင်းကျော်ခန့်ရှိနေပြီး ဆန်ပြတ်လပ်တော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရသော စစ်ဘေးရှောင်စခန်းပေါင်း ၁၀ ခုထက်မနည်း ရှိနေသည်ဟု ဆိုကြသည်။
ဒီးမော့ဆို အနောက်ဘက်ခြမ်းကို ဇွန်လ ၂၅ ရက်နေတွင် စစ်ကောင်စီက လေကြောင်းမှတိုက်ခဲ့ပြီး နောက်ပိုင်းတွင် စစ်ရေးအခြေအနေများ ငြိမ်သက်နေပြီး ထူးခြားမှုမရှိသေးဘူးဟု စစ်ဘေးရှောင်များ၏ ပြောပြချက်အရသိရသည်။
NMG ပေးပို့သည်။