ကရင်နီ (ကယား) ပြည် ဒီးမော့ဆိုမြို့နယ်အတွင်း ဆန်ဈေးနှုန်းမြင့်တက်လာတာကြောင့် စစ်ဘေးရှောင်များသာမက ဒေသခံများလည်း အခက်အခဲများနှင့် ကြုံတွေ့နေကြရသည်ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသူများနှင့် ဒေသခံများက ပြောဆိုသည်။
ကရင်နီပြည်နယ်အတွင်း ပြီးခဲ့သည့်စက်တင်ဘာလအတွင်း ရေကြီးရေလျှံမှုကြောင့် စပါးခင်းနှင့်စိုက်ပျိုးခင်း ဧကပေါင်း (၁၀၈၆၇.၄၁) ဧက ပျက်စီးသွားခဲ့သည်ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ပြောသည်။
ယင်းအပြင် ဒေသတွင်းကုန်စည်စီးဆင်းမှုလည်း ပြတ်တောက်လုနီးပါးဖြစ်သွားရပြီး ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်လာတာကြောင့် ဒေသခံပြည်သူများအတွက် ကြီးမားသည့်စိန်ခေါ်မှုဖြစ်လာကြောင်း ဒေသခံများက ဆိုသည်။
အခြေခံအကျဆုံး စားသောက်ကုန် ဆန်ဈေးနှုန်းမြင့်တက်လာတာကြောင့် ကြုံတွေ့ရသည့်အခက်အခဲကို ဒေသခံ အမျိုးသမီးတစ်ဦးက “ဆန်ဆို ရေကြီးတဲ့ဒဏ်ကြောင့် စပါးတွေလည်း မြုပ်ကုန်တာမျိုး ရှိတယ်။ အဲ့ဒီမြုပ်ကုန် တာကြောင့် ဆန်ရဲ့ဈေးနှုန်းဆို တက်သွားတာမျိုး ရှိသွားတာပေါ့နော်။ ဆန်တွေ ဈေးကြီးလာလို့ တချို့မိသားစု ဆိုလည်း ဆန်တွေဝယ်စားရတဲ့ မိသားစုတွေရှိတဲ့အတွက် တချို့မိသားစုဆို မဝယ်စားနိုင်ဘူး။ အဲ့လိုတစ်ရက် ဆိုရင်တော့ နည်းနည်းလျှော့စားရတဲ့ အဆင့်မျိုးလည်း ရှိတာပေါ့နော်” ဟု ပြောသည်။
ကုန်ဈေးနှုန်းမြင့်တက်နေမှုကြောင့် စစ်ဘေးရှောင်များအား အကူအညီပေးရာတွင် ကြုံတွေ့ရသည့် အခက်အခဲကို ကျေးလက်မြေအဖွဲ့မှ ဦးဇော်မင်းထိုက်က ယခုလို ပြောသည်။
“ဆန်ဈေးတက်တဲ့ အခါမှာတော့ စစ်ရှောင်တွေကိုလှူတဲ့အခါမှာ ဘာတွေခက်ခဲမှုရှိလဲဆိုတော့ အရင်တုန်းက ဆိုကြပါတော့ တစ်အိမ်ထောင်ကို ဆန် ၈ ပြည်လောက် လှူမယ့်လူက အခုဆိုလို့ရှိရင် ၄ ပြည်တို့ ၅ ပြည်တို့ လှူရတာပေါ့နော်။ အရင်တုန်းက ဆန် ၆ ပြည်လောက် လှူချင်တာမျိုးဆိုရင် အခုက ၄ ပြည်လောက်ပဲ လှူရ တော့တယ်” ဟု ၎င်းက ဆိုသည်။
ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ဘေးအပြင် ရေကြီးရေလျှံမှုပါ ဖြစ်ပွားခဲ့တာကြောင့် ကုန်စီးဆင်းရာလမ်းကြောင်းနှင့် တံတားများ ပိတ်ဆို့၊ ပျက်စီးခဲ့ပြီး အခြားကုန်ပစ္စည်းများလည်း ဈေးနှုန်းမြင့်တက်နေသည်ဟု စစ်ဘေးရှောင်များ အား ကူညီပေးနေသည့်အဖွဲ့က ပြောဆိုသည်။
ဦးဇော်မင်းထိုက်က “ဒီးမော့ဆိုဘက်မှာ ဈေးတွေကတော့ တက်ပါတယ်။ အဲ့ဒါကတော့ ဈေးက ဘယ်လောက်ထိ ကွာသွားလဲဆိုတော့ ဆန်တစ်အိတ်၊ တစ်အိတ်ကို သူက ၂၀၀၀၀ ကျော်ထိ ကွာသွားတဲ့သဘောပေါ့နော်။ အရင်တုန်းက ၈၃၀၀၀ တန်ကနေပြီးတော့မှ ဘယ်လောက်ထိ တက်သွားလဲဆိုတော့ ၁၀၂,၀၀၀ တချို့နေရာက ၁၀၅,၀၀၀ ထိ တက်သွားတယ်ပေါ့နော်” ဟု ပြောသည်။
အဓိကမှာ စပါးပင်များ ရေကြီးနစ်မြုပ်ပြီး ရေအောက်သို့ ရောက်ရှိသွားသည့်အတွက် တောင်သူလယ်သမားများအနေဖြင့် အချိန်မီ ရိတ်သိမ်းလိုက်နိုင်ခြင်းမရှိဟု ပြောဆိုကြသည်။
ဆန်စက်ရုံ ပိုင်ရှင်များကလည်း စပါးရှားလာသည့်အတွက် ဆန်ဈေးနှုန်းတက်လာရခြင်းဖြစ်သည်ဟု ဆိုကြသည်။
NMG ပေးပို့သည်။