ဒီးမော့ဆိုမြို့နယ်ရှိ နေအိမ် ၂၀ ဝန်းကျင်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီအကြောင်းမဲ့မီးရှို့ဖျက်ဆီး

By MPM 28 ဩဂုတ်, 2024 👁

ကရင်နီ (ကယား) ပြည်၊ လွိုင်ကော်မြို့နှင့် ဒီးမော့ဆိုမြို့ကို ဆက်သွယ်သွားလာသည့် ပြည်ထောင်စုလမ်းမကြီး ဘေးတလျှောက် စံပြ (၆) မိုင်နှင့် (၅) မိုင် ကျေးရွာအကြားရှိ နေအိမ်များကို စစ်ကောင်စီက အကြောင်းမဲ့ မီးရှို့ဖျက်ဆီးတာကြောင့် နေအိမ် ၂၀ ဝန်းကျင် မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများနှင့် IEC က ပြောဆိုသည်။

IEC အတွင်းရေးမှူး -၂ ဦးဗညားက “၂၇ ရက်နေ့ (သြဂုတ်လ) မနက်ပိုင်းမှာ အနည်းဆုံး ၁၀ လုံးကနေ ၁၅ လုံး ဝန်းကျင်ထိကတော့ မီးလောင်တယ်ပေါ့နော။ မီးလောင်ပြီးမှ တက်လာတဲ့ မီးခိုးပုံစံကို ကြည့်လို့ရတယ်ပေါ့နော။ အရင်တုန်းကလည်း သူတို့ (စစ်ကောင်စီ) ရှို့ခဲ့တဲ့ဟာကို ခန့်မှန်းလို့ရတဲ့ အနေအထားပေါ့။ ပေါင်းလိုက်ရင်တော့ ဒီတပတ်အတွင်းမှာ မနေ့ကအပါအဝင် အိမ်ခြေ ၂၀ ဝန်းကျင်ကိုတော့ စစ်ကောင်စီက အကြောင်းမဲ့ မီးရှို့ဖျက်ဆီးသွားတယ်ပေါ့နော” ဟု ပြောသည်။

စစ်ကောင်စီတပ်သည် ဩဂုတ်လတတိယပတ်ကစပြီး လွိုင်ကော်မြို့ကနေ ဒီးမော့ဆို ပြည်ထောင်စုလမ်းမကြီးတလျှောက်ရှိ ဒေါပိုးစီ၊ ၄ မိုင်၊ စံပြ ၆ မိုင်၊ ၅ မိုင် ဘက်ကို စစ်ကြောင်းထိုးလာပြီး ဒီးမော့ဆိုအခြေစိုက် ခလရ ၁၀၂ တပ်သို့ စားနပ်ရိက္ခာ၊ လက်နက်ခဲယမ်း ပို့ဆောင်ရာ စစ်ကြောင်းသွားရာ လမ်းတလျှောက်ရှိ နေအိမ်များကို အကြောင်းမဲ့ မီးရှို့သွားခြင်းဖြစ်နိုင်သည်ဟု ဦးဗညားက သုံးသပ်ပြောဆိုသည်။

ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှု၊ အကြောင်းမဲ့ ဒေသခံနေအိမ်တို့ကို မီးရှို့ဖျက်ဆီးမှုကြောင့် ဩဂုတ်လအတွင်း နေအိမ် ၃၀ မီးလောင်ပျက်စီးခဲ့ရသည်ဟု IEC က ဆိုသည်။

“စစ်ကောင်စီက မီးရှို့တာကတော့ ပြည်သူလူထုတွေက တော်လှန်ရေးအဖွဲ့တွေကို ထောက်ခံတယ်၊ အားပေးပါဝင်တဲ့အတွက် ပြည်သူလူထုကိုလည်း ရန်သူအဖြစ် သတ်မှတ်ပြီးတော့မှ မီးရှို့နေတဲ့ဟာမျိုး လုပ်နေတယ်လို့ပဲ ပြောချင်ပါတယ်” ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။

ဇူလိုင်လက စပြီး ဩဂုတ်လအထိ တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာကြောင့် လွိုင်ကော်-ဒီးမော့ဆို ပြည်ထောင်စုလမ်းမကြီးနှင့် ဆက်စပ်သည့်နေရာတလျှောက်ကို အသုံးပြုမသွားလာကြရန် KNDF က ဒေသခံလူထုကို အသိပေးထားသည်။

လွိုင်ကော်မြို့ပေါ် ရပ်ကွက်များဖြစ်သည့် မိုင်းလုံး၊ ရွာတန်းရှည်၊ နမ့်ဘော်ဝမ်၊ ထူဒူငံသ၊ စိုက်ကွင်း (၃)၊ ဒေါဆန်းဘွန်း၊ ပန်ကန်း၊ ဒေါပိုးစီ၊ ၄ မိုင်၊ စံပြ ၆ မိုင်တလျှောက် ဝင်/ထွက်သွားလာခြင်း၊ နေအိမ်ပြန်ကြည့်ခြင်း၊ ပစ္စည်းသယ်ယူခြင်း မပြုလုပ်ကြရန် KNDF က ပြောဆိုထားသည်။

ဇူလိုင်လအတွင်း၌လည်း စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးမှုကြောင့် လွိုင်ကော်မြို့ပေါ်ရပ်ကွက်များမှ ဒေသခံနေအိမ် ၉၀ ကျော်လည်း မီးလောင်ပျက်စီးခဲ့ရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခကာလအတွင်း ကရင်နီပြည်တွင် ပျက်စီးသွားတဲ့ နေအိမ်စာရင်း (၂၆၈၂) ရှိကြောင်း ဩဂုတ်လ ၁ ရက်နေ့တွင် တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က သတင်းထုတ်ပြန်ထားပါသည်။

ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။