ပြီးခဲ့သည့် ဇန်နဝါရီအစောပိုင်းမှစ၍ ကျောက်ဖြူမြို့နယ်တွင် ဒရုန်းကင်းထောက်လှုပ်ရှာမှု၊ ဗုံးကြဲပစ်ခတ်မှုများ ရှိနေသဖြင့် ပင်လယ်ကမ်းစပ်အနီးရှိ ကျေးရွာသားများမှာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေရကြောင်း သိရသည်။
ကျောက်ပြောက်၊ ဝမျှောင်၊ ကျောက်ကလေ၊ ဇင်ချောင်း၊ ကင်း၊ ကုန်ဘောင်၊ မူရင်း၊ ကလန့်တဲ စသည့် ကျေးရွာ ၁၀ ရွာခန့်က ဒေသခံများမှာ နေရပ်စွန့်ခွာနေကြခြင်းဖြစ်သည်။
“ဒရုန်းတစ်စီး၊ နှစ်စီးလောက်က အချိန်မပြတ်တမ်းပျံနေတာ။ တချို့ဒရုန်းတွေကို ဆိုရင် အသံတွေကိုပါကြားရတယ်။ ဒါကြောင့်ရွာမှာ လူတွေတော်တော်များများ မနေရဲကြတော့ဘူး” ဟု ကျောက်ကလေကျေးရွာမှ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ရွှေ့ပြောင်းနေရသူ အရေအတွက်ကို အတိအကျမသိရသော်လည်း ရာနှင့်ချီရှိနေကြောင်း ဒေသခံများက ပြောသည်။ ယင်းဒေသခံများမှာ လက်ရှိတွင် လုံခြုံမည်ဟု ထင်ရသည့် ရွာအပြင်၊ ဉယျာဉ်ခြံမြေများ၊ အခြား အဆောက်အဦးများတွင် ယာယီတဲခိုနေကြောင်း သိရသည်။
စစ်ကောင်စီသည် ဒရုန်းများကို ယင်းကျေးရွာတို့နှင့် ၄ မိုင်ခန့်အကွာ ပင်လယ်ပြင်တွင် နေရာယူထားသော စစ်သင်္ဘောများက လွှတ်တင်နေခြင်းဖြစ်ကြောင်းလည်း ဒေသခံများက ပြောသည်။
အဆိုပါကျေးရွာများမှာ တိုက်ပွဲဖြစ်ပွားရာ နေရာများမှ ၁၀ မိုင်နှင့် ၁၅ မိုင် အကွာကြားတွင်ရှိကြသော်လည်း စစ်သင်္ဘောများမှ လက်နက်ကြီးအပါအဝင် လေယာဉ်နှင့် ဒရုန်းတို့ဖြင့် စစ်ကောင်စီ၏ တိုက်ခိုက်မှုကိုပါ ရင်ဆိုင်နေကြရခြင်းဖြစ်သည်။
“ဒရုန်းတွေ ဝဲပြီးလို့ သိပ်မကြာဘူး တိုက်ခိုက်ခံရတာတွေရှိတယ်။ ကင်းထောက်ဖို့ ဝဲပျံတာတွေရှိသလို အသေခံဒရုန်းနဲ့ လူစည်းရာတွေကို တိုက်ရိုက် တိုက်ခိုက်တာလည်းရှိတယ်” ဟု မူရင်းရွာမှ အမျိုးသားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၄ ရက်က မူရင်းရွာရှိ စစ်ဘေးရှောင်များ နေထိုင်ရာနေရာကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့သဖြင့် စစ်ဘေးရှောင်အပါအဝင် ရွာခံ ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့သည်။
ဇန်နဝါရီ ၂၂ ရက်ကလည်း ဇင်ချောင်းရွာကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့သည်။
ထို့အပြင် ဇန်နဝါရီ ၁၇ ရက်ကလည်း ကျောက်ကလေကျေးရွာကို ဒရုန်းအပါအဝင် စစ်သေင်္ဘောများမှ လက်နက်ကြီးများ တိုက်ခိုက်ခဲ့သဖြင့် စစ်ဘေးရှောင် ၃ ဦသေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့သည်။
“တိုက်ပွဲဖြစ်တဲ့နေရာနဲ့ အဝေးကြီးပဲဆိုပြီး သတိလက်လွှတ်နေလို့မရဘူး။ ထိချင်ရာထိဆိုပြီး အဲဒီကောင် (စစ်ကောင်စီ) တွေက ပြည်သူတွေကိုလည်း အလွတ်မပေးဘဲ သတ်နေတာ” ဟု ကျောက်ကလေကျေးရွာမှ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
DMG ၏ စာရင်းအချက်အလက်များအရ ကျောက်ဖြူမြို့နယ်တွင် ၂၀၂၅ ဖေဖော်ဝါရီ ၂၀ ရက်မှ ၂၀၂၆၊ ဇန်နဝါရီ ၂၄ ရက်ထိ ကျေးရွာ ၁၀ ထက်မနည်းကို စစ်ကောင်စီက လက်နက်ကြီးနှင့် လေကြောင်းတိုက် ခိုက်မှုများ ပြုလုပ်ခဲ့ပြီး သေဆုံးဒဏ်ရာရသူ ၁၃၅ ဦးထက်မနည်း ရှိလာနေသည်။
ယင်းအထဲတွင် ဒရုန်းတိုက်ခိုက်မှုကြောင့် ၂၉ ဦး၊ လက်နက်ကြီးတိုက်ခိုက်မှုကြောင့် ၃၅ ဦးနှင့် လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် ၇၁ ဦးဖြစ်ပြီး အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၁၄ ဦးပါဝင်သည်။
စစ်ကောင်စီက အရပ်သားများကို ရည်ရွယ်တိုက်ခိုက်မှုများရှိနေသောကြောင့် ကျောက်ဖြူဒေသခံများအနေဖြင့် သတိထား၍ နေထိုင်ကြရရန်နှင့် အထူးသဖြင့် လေကြောင်းအန္တရာယ်ကို ပိုမိုသတိထားကြရန် ပြီးခဲ့သည့် နိုဝင်ဘာတွင် အာရက္ခတပ်တော်က (AA) အသိပေးထားသည်။
DMG
