ထီးလင်းမြို့နယ်အတွင်း စစ်ရှောင်စခန်းအား စစ်ကောင်စီတပ် လေယာဉ်မှ တိုက်ခိုက်

By MPM 21 ဧပြီ, 2023 👁

မကွေးတိုင်း၊ ထီးလင်းမြို့နယ်က စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် (၃) ဦးသေဆုံးပြီး (၁၀) ဦးကျော် ထိခိုက်ဒဏ်ရာရတာတွေရှိတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဧပြီလ (၂၀) ရက်နေ့ နေ့လည် (၁၂) နာရီဝန်းကျင်မှာ လောင်းဘိုလေးကျေးရွာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ) နဲ့ စစ်ဘေးရှောင်တွဲဘက်ရုံးကို စစ်ကောင်စီက လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသား(၂) ဦးနဲ့ အမျိုးသမီး (၁) ဦးသေဆုံးကာ (၁၂) ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပြီး (၄) ဦးမှာ ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။

“ နေ့လည်ပိုင်းမှာ ဂျက်ဖိုက်တာနဲ့လာပစ်သွားတာ။ ထမင်းစားပြီးကာစအချိန်လောက်ဖြစ်မယ်။ တချို့ကလည်း သတိလေးရှိတော့ တော်တော်သက်သာ သွားတာပါ။ စစ်ဘေးရှောင်ရုံးနဲ့ ပအဖ အနောက်ခြမ်းရုံးကို လာပစ်သွားတာ။ဗုံးကတစ်လုံးလားနှစ်လုံးလားမသိရသေးဘူး” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဟာ တိုက်ပွဲမရှိဘဲ ပ.အ.ဖနဲ့ စစ်ဘေးရှောင်စခန်းရုံးကို ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒေသတွင်း အင်တာနက်အခက်အခဲတွေကြောင့် လေကြောင်းသတင်းစီးဆင်းမှု နှေးကွေးနေတဲ့အတွက် အခုလို တိုက်ခိုက်ခံရတာဖြစ်တယ်လို့ သူက ပြောပါသေးတယ်။

လောင်းဘိုလေး ကျေးရွာ ပ.အ.ဖ နဲ့ စစ်ဘေးရှောင်တွဲဘက်ရုံးကို လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက်မှာတော့ စစ်ကောင်စီတပ်သားတွေဟာ ပုဏ္ဏားရွာနဲ့ ပဇင်းချောင်းရွာတွေကို မီးရှို့ဖျက်ဆီးတာတွေလုပ်ခဲ့ပြီး အခုချိန်ထိ ထိခိုက်ပျက်စီးမှု အခြေအနေကိုတော့ မသိရသေးပါဘူး။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ချင်းမကွေးနယ်စပ်ဒေသတွေဖြစ်တဲ့ ချင်းပြည်နယ် မင်းတပ်မြို့၊ မကွေးတိုင်း ကျောက်ထုနဲ့ ထီးလင်းမြို့က ကျေးရွာတွေက ပြည်သူ (၅) ဦး လောက်သေဆုံးထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနဲ့ တိုက်ခိုက်တာအပြင် မြေပြင်စစ်ကြောင်းထိုးမှုတွေကြောင့် ချင်းပြည်နယ်က ပြည်သူ (၁၀၁) ဦးနဲ့ မကွေးတိုင်းက ပြည်သူ (၂၈၁) ဦးသေဆုံးထားတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း AAPP မှာ ဖော်ပြထားပါတယ်။

KNG – ပေးပို့သည်။