မကွေးတိုင်း၊ ထီးလင်းမြို့နယ်တွင် စစ်ကောင်စီက ဓါးစာခံအရပ်သားပြည်သူ ၃ ဦးကိုသတ်ဖြတ်ပြီး အလောင်းလာကောက်မည့် ကာကွယ်ရေးအဖွဲ့များအား ချောင်းမြောင်းပစ်ခတ်ရန် အသုံးပြုနေကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂ ရက်တွင် သတ်ဖြတ်ခံရသည့် အရပ်သားပြည်သူ ၃ ဦး၏ ရုပ်အလောင်းကို လာကောက်မည့် ကာကွယ်ရေးအဖွဲ့များကို ချောင်းမြောင်းနေခြင်းဖြစ်သည်ဟု ဒေသခံတို့ ပြောဆိုမှုအရ သိရသည်။
“ရွာသားနှစ်ဦးနဲ့ ကားဆရာတစ်ဦးကို သတ်ဖြတ်သွားပြီးတော့ အဲဒီနားမှာ အစုလိုက် ကင်းပုန်းဝပ်ပြီး စောင့်နေတာပေါ့။ အာရှလမ်းမကြီးနားမှာ အလောင်းတွေက စွန့်ပစ်ထားတာပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။
သတ်ဖြတ်ခံထားရသည့် အလောင်းများကို ထီးလင်း – ဝါးရင်းချိုင် ကားလမ်းဘေးမှ နဂါးမောက်ခြံ၏ အရှေ့တောင်ဘက်နားတွင် စွန့်ပစ်ထားသည်ဟု ဆိုသည်။
ဓါးစာခံ အရပ်သားပြည်သူ ၃ ဦးကို သတ်ဖြတ်သွားသည့် စစ်ကြောင်းသည် ရေမျက်နီကာကင်းစခန်းမှ ပြန်ထွက်လာသည့် အင်အား ၈၀ ကျော်ပါ ထီးလင်းမြို့ ရွှေထီးခန်းမစစ်ကြောင်းဖြစ်ကြောင်း စစ်ကောင်စီတပ်နှင့် နီးစပ်သူတို့ထံမှ သိရသည်။
အဆိုပါစစ်ကြောင်းကို စက်တင်ဘာ ၂ ရက်တွင် ဂန့်ဂေါခရိုင်တပ်ရင်း ၁၅၊ ၁၆၊ ၁၇ တို့က ကြားဖြတ်တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။
ယင်းစစ်ကြောင်းနှင့်အတူ ဓားစာခံ ၄ ဦးကို ဖမ်းဆီးခေါ်ဆောင်လာခြင်းဖြစ်ပြီး ကြားဖြတ်တိုက်ခိုက်ခံခဲ့ရပြီး နောက်တွင် ဓားစာခံ ၃ ဦးကို သတ်ဖြတ်ခဲ့ကာ ၁ ဦးမှာ ထွက်ပြေးလွတ်မြောက်လာကြောင်း စစ်ကောင်စီတပ်နှင့် နီးစပ်သူတို့ထံက သိရသည်။
သတ်ဖြတ်ခံရသည့် ဓါးစားခံအရပ်သားများကို စစ်ကောင်စီက စစ်ကြောင်းဖြတ်သွားရာ လမ်းကြောင်းတလျှောက်မှ ဖမ်းဆီးလာခြင်းဖြစ်သည့်အတွက် မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်သေးခြင်း မရှိကြောင်း သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။