ထီးချိုင့်၊ တကောင်းနီကယ်စက်ရုံအနီးရှိ စစ်ကောင်စီရဲကင်းကို တော်လှန်ရေးတပ်ဖွဲ့များတိုက်ခိုက်

By MPM 26 ဇူလိုင်, 2024 👁

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ မောင်းကုန်းကျေးရွာရှိ တရုတ်ကုမ္ပဏီပိုင် တကောင်းနီကယ်စက်ရုံအနီးတွင် လုံခြုံရေးယူထားသည့် စစ်ကောင်စီရဲကင်းကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့များက ဇူလိုင်လ ၂၅ ရက်နေ့ ညနေ (၆) နာရီဝန်းကျင်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ရဲကင်းတိုက်ခိုက်ခံရမှုကြောင့် ရဲတပ်ဖွဲ့ဝင်များက နီကယ်စက်ရုံဝန်းအတွင်းရှိ အလုပ်သမားတန်းလျားသို့ ဝင်ရောက်ပြောင်းရွှေ့နေရာယူသွားကြောင်း အနီးနေထိုင်သူ ကျေးရွာသားတစ်ဦးက ပြောဆိုသည်။

“အလုပ်သမားတန်းလျားထဲကို စစ်တပ်တွေက နေရာဝင်ယူတာ အဲ့ဒီမှာရှိတဲ့ အလုပ်သမားတန်းလျားထဲက အလုပ်သမားတွေနဲ့ မိသားစုတွေကတော့ စက်ရုံထဲကိုရွှေ့သွားကြတယ်” လို့ ၎င်းက ဆိုသည်။

ရဲကင်းစခန်းကို တိုက်ခိုက်မှုမတိုင်ခင် မနက်ပိုင်းအချိန်တွင် KIA၊ PDF ပူးပေါင်းတပ်ဖွဲ့များက ရဲတပ်ဖွဲ့များကို လက်နက်ချ အညံ့ခံရန်အတွက် အော်ဟစ်သတိပေးမှုများ ပြုလုပ်ခဲ့ပြီး ရဲတပ်ဖွဲ့များဘက်မှ တုံ့ပြန်မှုမရှိခြင်းကြောင့် ညနေပိုင်းအချိန်တွင် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း ၎င်းက ဆက်ပြောဆိုသည်။

တကောင်းနီကယ်စက်ရုံဝန်းထဲသို့ ရဲတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်သားများ နေရာမယူခင် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု အနည်းငယ်ဖြစ်ပွားခဲ့ပြီး နေရာယူပြီး ညပိုင်းအချိန်၌ ပစ်ခတ်သံများ မကြားရတော့ကြောင်း ၎င်းက ပြောသည်။

“စစ်ကောင်စီတပ်က ဟိုထဲကိုဝင်သွားတာဆိုတော့ မှန်းလို့တော့မရဘူး။ တရုတ်စက်ဝန်းထဲဆိုတော့ သူတို့ (PDF) က ဝင်တိုက်မလား မဝင်တိုက်ဘူးလားတော့ မသိတတ်တော့ဘူး” ဟု အဆိုပါဒေသခံက ပြောသည်။

ထိုပစ်ခတ်မှုများကြောင့် ထိခိုက်ဆုံးရှူံးမှုများကို သိရှိနိုင်ခြင်းမရှိသေးပေ။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ တကောင်းနီကယ် စက်ရုံရှိ ဓာတ်အားပေးလိုင်းများကို ထီးချိုင့် HPDF ပူးပေါင်း တပ်ဖွဲ့များက မိုင်းခွဲဖောက်ခွဲခဲ့ခြင်းကြောင့် လအနည်းငယ်ကြာ ကြေးနီတူးဖော်မှု ရပ်နားခဲ့ရပြီး လုပ်ငန်းပြန်လည်လည်ပတ်နေသည်မှာ တစ်နှစ်ကျော်ခန့်ရှိလာပြီဟု သိသည်။

တကောင်းတောင် နီကယ်စီမံကိန်းကို ၂၀၀၈ ခုနှစ်က စပြီး အမှတ် (၁) သတ္တုတွင်းလုပ်ငန်းနဲ့ တရုတ်နိုင်ငံပိုင် China Nonferrous Metal Mining ကုမ္ပဏီတို့ အကျိုးအမြတ် ခွဲဝေခံစားသည့်စနစ်ဖြင့် စတင်လုပ်ကိုင်ခဲ့ပြီး ကန်ဒေါ်လာ သန်း ၈၀၀ တန်ဖိုးအထိ ရင်းနှီးမြှုပ်နှံမှုရှိကြောင်း သုံးသပ်ပြောဆိုကြသည်။

ရှမ်းနီအသံ ပေးပို့သည်။