စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ် ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီတပ် ကာကင်းစခန်းတချို့ကို သိမ်းပိုက်ရရှိထားသည်ဟု KIO/KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုသည်။
“မနေ့ (ဩဂုတ် ၂၁ ရက်) က ထီးချိုင်မြို့နယ် မြတောင်ဘက်မှာ ကာကင်းစခန်းတွေ သိမ်းနိုင်တယ်လို့ ကြားရတယ်။ အဲ့ဒါ နောက်ဆုံးပါ။ တခြားသတင်းတွေတော့ ဘာမှမရဘူး။ မြတောင်ကတော့ မနေ့က မနက်အစောကြီးကို ဝင်တိုက်တာ” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ထီးချိုင့်မြို့နယ် ဧရာဝတီမြစ်တဖက်ကမ်းရှိ မြတောင်စစ်ကောင်စီတပ်စခန်းကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက် တိုက်ခိုက်နေခြင်းဖြစ်ပြီး ဩဂုတ်လ ၂၁ ရက်နေ့တွင် မြတောင်တပ်စခန်း၏ ကာကင်း စခန်း ၃ ခုကို သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
ထီးချိုင့်မြို့သည် KIA တပ်မဟာ ၁၁ တပ်ရင်း ၁၂ ဒေသဖြစ်သလို ယင်းဒေသက ကာကင်းစခန်းများဖြစ်သည့် ဆီဆိုင်၊ ဟိုပုံးလေးနှင့် ဘုရင့်နောင် ကာကင်းစခန်းများကို သိမ်းပိုက်ရရှိခဲ့သည်ဟု KIO/KIA သတင်းပြန်ကြားရေး ဌာနက သတင်းထုတ်ပြန်သည်။
စစ်ကောင်စီတပ်ဘက်က ထီးချိုင်မြိုကို ဩဂုတ်လ ၂၀ ရက်နေ့ ကတည်းကစ၍ ဩဂုတ်လ ၂၂ ရက်နေ့အထိ ဂျက်ဖိုက်တာနှင့် ဆက်တိုက်ဗုံးကြဲတိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့သည်ဟု ထီးချိုင့်ဒေသသတင်းများကို ပုံမှန်ဖော်ပြနေသည့် Tigyaing Revolution-TR က သတင်းထုတ်ပြန်ထားသည်။
ထီးချိုင့်မြို့သည် မန္တလေး – ဗန်းမော် သွားလာသည့် လမ်းကြောင်းပေါ်၌တည်ရှိပြီး ကုန်လမ်းအပြင် ဧရာဝတီမြစ် ရေကြောင်းလမ်းနှင့်ပါ သွားလာနိုင်သည့် လမ်းကြောင်းပေါ် တည်ရှိသောမြို့လည်းဖြစ်သည်။
ယင်းအပြင် မန္တလေး – ရွှေဘို – မြစ်ကြီးနား ဗျူဟာကားလမ်းမပေါ်ရှိ ကောလင်းနှင့် အင်းတော်မြို့တို့သည်လည်း ထီးချိုင့်မြို့နှင့် ကပ်လျှက်တွင်တည်ရှိသည့်အတွက် စစ်ရေးအရ နှစ်ဖက်တပ်များအတွက် အရေးပါသည့်နေရာဖြစ်ကြောင်း စစ်ရေးလေ့လာသုံးသပ်သူများက ပြောဆိုသည်။
ဗိုလ်မှူးကြီးနော်ဘူက “မြေပုံအရကတော့ ထီးချိုင့်က အရေးကြီးမှာပါ။ ကချင်ပြည်နယ်၊ မန္တလေး၊ စစ်ကိုင်းအစပ် မှာဆိုတော့လေ နောက်ပြီး ဗန်းမော်ဘက်က တက်သွားတဲ့လမ်းတွေ မြစ်ကြီးနားဘက်ကို တက်သွားတဲ့ လမ်းတွေဆိုတော့ အရေးကြီးတဲ့မြို့ ဖြစ်ပါတယ်” ဟု ပြောသည်။
လက်ရှိ၌ ထီးချိုင့်မြို့နယ်အတွင်း တိုက်ပွဲတွင် NUG အမှတ် (၁) စစ်ဒေသလက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက မြေပြင်တွင် အဓိက စစ်ဆင်ရေးဆောင်ရွက်နေခြင်းဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က ပူးပေါင်းပြီးတိုက်ခိုက်နေခြင်းဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောသည်။
ထိုတိုက်ပွဲအတွင်း တဖက်တွင်လည်း အာရက္ခတပ်တော် AA အပြင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်မတော် ABSDF တို့လည်း ပါဝင်တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တို့ထံက သိရသည်။
ထီးချိုင့်မြို့ကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလကစ၍ မြို့သိမ်းတိုက်ပွဲအဖြစ် စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်ဖွဲ့များအကြား ၄ လကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲအတွင်း မြို့တွင်းပျက်ဆီးမှုနှင့် အရပ်သားသေဆုံးမှု များပြားခဲ့သည်။
KNG ပေးပို့သည်။