ထီးချိုင့်မြို့ ဧရာဝတီမြစ်ကူးတံတားအထိ စစ်ကောင်စီတပ်ဖွဲ့တွေရောက်ရှိလာ

By MPM 30 မတ်, 2026 👁 1

တရုတ်နီကယ်စက်ရုံရှိတဲ့ စစ်ကိုင်းတိုင်း– ကချင်အစပ်က ထီးချိုင့်မြို့ရဲ့ ဧရာဝတီမြစ်ကူးတံတားအထိ စစ်ကောင်စီတပ်ဖွဲ့တွေ ရောက်လာပြီး မြတောင်လမ်းဆုံကို ထိန်းချုပ်သွားပြီလို့ မြေပြင်ကဒေသခံတွေနဲ့ကာကွယ်ရေးတပ်ဖွဲ့တွေ အတည်ပြုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့ ထီးချိုင့်မြို့ဧရာဝတီမြစ်ရဲ့တစ်ဖက်ကမ်း မန္တလေးတိုင်းထဲက တကောင်းမြို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ပြီးတဲ့နောက် ထီးချိုင်မြို့နယ်ဘက်ကို ပြန်လည်စစ်ကြောင်းထိုးလာတာလို့ သိရပါတယ်။

စစ်ကောင်စီတပ်ဘက်ကလည်း ထီးချိုင့်မြို့ဧရာဝတီတံတားလို့ခေါ်တဲ့ မြစ်ကူးတံတားပေါ်မှာ ရိုက်ထားတဲ့ဓာတ်ပုံတွေကို ထုတ်ပြန်ခဲ့ပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသားတစ်ဦးက “အဲ့ပုံကတော့ ထီးချိုင့်တံတား မြတောင်ဘက်ထိပ်မှာရိုက်ထားတဲ့ပုံပဲ။ တကောင်းကနေ ရောက်လာတဲ့အဖွဲ့တွေဟုတ်တယ်။ လောလောဆယ် တိုက်ပွဲက ထီးချိုင့်မှာဖြစ်နေသေးတယ်။ အခုရက်ပိုင်းမှာက တိုက်ပွဲ‌တွေကဖြစ်နေတာ။ တကယ်ဆို တော်တော်များများနေရာတွေရထားပြီ။ အဲ့ချိန် ဒီစစ်ကြောင်းရောက်လာတာ” လို့ ပြောပါတယ်။

တကောင်းမြို့ကနေ ထီးချိုင့်မြို့နီကယ်စက်ရုံရှိရာ မောင်းကုန်းရွာကိုဦးတည်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ အင်အား ၃၀၀ ဝန်းကျင်လောက်ရှိတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေကခန့်မှန်းပြီး အဲ့ဒီ နီကယ်စက်ရုံတစ်ဝှိုက် နှစ်ဖက်တပ်တွေတိုက်ပွဲဖြစ်ပွားခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် ထီးချိုင့်မြို့ နီကယ်စက်ရုံအပါအဝင် မြို့ကိုထိန်းချုပ်နိုင်ဖို့ဦးတည်နေတဲ့ အဆိုပါ စစ်ကော်မရှင်စစ်ကြောင်းက စစ်ကြောင်းထိုးစစ်ရေးလှုပ်ရှားတာ၊ နှစ်ဖက်တိုက်ပွဲဖြစ်တာတွေကြောင့် နီကယ်စက်ရုံတစ်ဝှိုက်က ကျေးရွာတွေဘေးလွှတ်ရာမှာ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

တစ်ဖက်မှာ ထီးချိုင့်မြို့နဲ့ကပ်လျှက် ကသာမြို့နယ် ဧရာဝတီမြစ်နဘေးမှာနေထိုင်နေတဲ့ ဒေသခံတွေကလည်း ထီးချိုင့်မြို့ကို ရောက်လာတဲ့ အဆိုပါစစ်ကြောင်းကြောင့် စိုးရိမ်မှုတွေမြင့်တက်နေကြပါတယ်။

“ဘယ်ကိုဦးတည်နေတယ်ဆိုတာကတော့ တိတိကျကျပြောဖို့တော့ခက်တယ်။ မြတောင်ဘက်ကမ်းအခြေနေကလည်း မြတောင်ကို ကျော်ပြီးတော့ အထက်ဘက်ကို တက်သွားတဲ့ပုံစံမျိုးလည်းမြင်ရတယ်။ ထီးချိုင့်မြို့ထဲကိုလည်း ပေါင်းခဲ့တယ်လို့လည်း ပြောကြတယ်” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

ထီးချိုင့်မြို့နယ်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့နဲ့ ထိစပ်နေပြီး ကချင်ပြည်နယ်ကိုလည်း ကုန်းလမ်း၊ ရေလမ်းနဲ့ ဆက်သွယ်နိုင်တဲ့ လမ်းကြောင်းမှာရှိတဲ့အတွက် စစ်ရေးအရ အရေးပါတဲ့နေရာတစ်ခုဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုကြပါတယ်။

တကောင်းနီးကယ်စက်ရုံကိုတော့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လကတည်းက တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ထားတာဖြစ်ပြီး အမျိုးသားညီညွှတ်ရေးအစိုးရ NUG နဲ့ တရုတ်တို့ ဆွေးနွေးကာလည်ပတ်နေတယ်လို့ သတင်းထွက်ခဲ့ဖူးတာဖြစ်ပါတယ်။

KNG