ထီးချိုင့်တွင် KIA၊ PDF ပူးပေါင်းတပ်နှင့်ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းသုံးတိုက်ခိုက်

By MPM 15 အောက်တိုဘာ, 2023 👁

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား အောက်တိုဘာလ ၁၃ ရက်နေ့ မနက်ပိုင်းကစလို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းအသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံများထံမှ သိရသည်။

အင်အား ၁၆၀ ကျော်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့တွေနှင့် KIA၊ PDF ပူးပေါင်းတပ်တွေအကြား ထီးချိုင့်မြို့နယ် မြောက်ဘက်ခြမ်း ရွှေလီရွာနှင့် ပျဥ်းစုရွာအကြားမှာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ထီးချိုင့်ဒေသ ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ယောက်က ပြောသည်။

“မနက် ၇ နာရီခွဲလောက်မှာ တိုက်ပွဲစဖြစ်တာဗျ၊ ၂ နာရီကျော်ကြာလောက် တိုက်ပွဲဖြစ်တာ၊ ပြီးတော့ သိပ်မကြာ ခင်မှာပဲ လေကြောင်းတိုက်ခိုက်မှုလုပ်တယ်။ ပထမတစ်စီးကတော့ တိုက်ပွဲဖြစ်တဲ့ ပျဥ်းစုရွာပတ်လည်ကို ပစ်သွားတယ်။ နောက်တစ်စီးကတော့ ဝဲပြီးတော့ပဲ ပြန်ခေါက်သွားတယ်ဗျ” လို့ ၎င်းက ပြောသည်။

တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် နေ့လည် ၁၂ နာရီလောက်မှာ စစ်ကောင်စီတပ်ဘက်ကနေ ထီးချိုင့်မြို့နယ်တွင်းကို တံတာဦးက တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဒေသခံများထံမှ သိရသည်။

“လေကြောင်းက ပျဥ်းစုရွာဘုန်းကြီးကျောင်းနားကျတယ်လို့တော့ ကြားပါတယ်။ ထိခိုက်မှုကိုတော့ မသိရသေး ပါဘူး” လို့ ထီးချိုင့်ဒေသခံတစ်ယောက်က ပြောဆိုသည်။

ယင်းစစ်ကောင်စီ တပ်ဖွဲ့များသည် ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သံခွန်မော်တော်တွေနဲ့ ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ဖြစ်တယ်လို့ သိရပေမဲ့ အသေးစိတ်ကိုတော့ အတည်မပြုနိုင်ခြင်း မရှိသေးပါ။

လေကြောင်းတိုက်ခိုက်ခံခဲ့ရသည့် ပျဥ်းစုရွာသည် ထီးချိုင့်မြို့နယ်မြောက်ဘက်ခြမ်း ထီးချိုင့်မြို့နှင့် ၆ မိုင်လောက် အကွာတွင်ရှိပြီး အိမ်ခြေ ၂၀၀ လောက်ရှိသည့် ရွာဖြစ်တယ်လို့ သိရပါသည်။

လက်ရှိတွင် ပျဥ်းစုကျေးရွာ အပါအဝင် ရွှေလီ၊ ဆားတွင်း၊ အလယ်တော၊ အင်ကြင်းကုန်း၊ ထန်းကုန်း စသည့် အနီး ပတ်ဝန်းကျင်က ကျေးရွာများမှ ဒေသခံများသည်လည်း ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြတယ်လို့ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးအပတ်အတွင်း မြန်မာနိုင်ငံတစ်ဝှမ်းက ပဋိပက္ခနှင့် တိုက်ပွဲအခြေနေ တွေကြောင့် စစ်ဘေးရှောင် ၁ သောင်း ၈ ထောင် နီးပါး တိုးလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး UNOCHA Myanmar က အောက်တိုဘာ၁၂ရက်နေ့က သတင်းထုတ်ပြန်သည်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံတဝှမ်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည့် အရပ်သား ၁.၆ သန်း ကျော် ရှိပြီး ယင်းတို့ထဲမှ စစ်ကိုင်းတိုင်းက နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည့် အရပ်သား ၈ သိန်းကျော် ရှိတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) က ထုတ်ပြန်ထားသည်။

KNG ပေးပို့သည်။