ထီးချိုင့်တိုက်ပွဲအတွင်း ပြည်သူနှင့်တော်လှန်ရေးစစ်သည်စုစုပေါင်း ၁၂၀၀ ကျော်ကျဆုံး

By MPM 6 ဖေ‌ဖော်ဝါရီ, 2024 👁

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်အတွင်း နွေဦးတော်လှန်ရေးကာလတလျောက် ကျဆုံးပြည်သူနှင့် တော်လှန်ရေး ရဲဘော်များ အပါအဝင် စုစုပေါင်း ၁,၂၄၈ ဦး ရှိပြီဖြစ်ကြောင်း ထီးချိုင့် – ပြည်သူ့ကာကွယ်ရေး အဖွဲ့က ဖေဖော်ဝါရီလ ၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည် ပြည်သူသို့အသိပေးစာထုတ်ပြန်ချက်အရ သိရသည်။

အလားတူ ပြည်သူ ၂ သောင်းကျော်သည်လည်း စစ်ရှောင်ဘဝသို့ ရောက်ရှိခဲ့ကြောင်းနှင့် ၂၀၂၃ ခုနှစ် နိုင်ဝင်ဘာလ ၇ ရက် နေ့ကစပြီး စစ်ကောင်စီတပ်၏ မီးရှို့မှုကြောင့် ထီးချိုင့်မြို့သည် ပြာအတိ ဖြစ်ခဲ့ရသည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ဘေးတိမ်းရှောင်နေသော ထီးချိုင့်မြို့ခံတစ်ဦးက “ပြည်သူကတော့ နည်းတာပေါ့ ၊ ပထမ စဖြစ်တုန်းက ကတုတ်ကျင်းတွေမှာ ဝင်ပုန်းတော့ လေယာဉ်နဲ့ ကြဲတဲ့နေရာ သုံးလေးဆယ်လောက်ထိသွားတာ၊ အဲ့ဒီနောက်ပိုင်း တော့ မြို့ထဲမှာ ဘယ်ပြည်သူမှ မနေရဲတော့ဘူး။ ရဲဘော်တွေပဲရှိတာ၊ ဒီကိစ္စကို ပြည်သူတွေလည်း သိနေကြတော့ ထုတ်မပြောလို့ မရတဲ့အခြေအနေမို့ ထုတ်လာတယ်လို့မြင်တယ်၊ ကျွန်တော်သိသလောက်တော့ ဒီထက် များတယ်” ဟု ပြောသည်။

ထီးချိုင့်မြို့သည် နှစ်ဘက်တပ်အတွက် စစ်ရေးအရ အဓိကကျပြီး အရေးပါသည့်မြို့ ဖြစ်သောကြောင့် ပြည်သူ့ကာကွယ်ရေးတပ်များဘက်က အင်အားအများအပြားသုံးပြီး တိုက်ခိုက်ခဲ့ရာတွင် ပေးဆပ်မှုလည်း ကြီးမားခဲ့ရသည်ဟု ထီးချိုင့်မြို့ခံများက ပြောဆိုသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ စ၍ ထီးချိုင့်မြို့သိမ်းတိုက်ပွဲကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ရခိုင့်တပ်တော် AA ဦးဆောင်မှုဖြင့် စစ်ကိုင်းတိုင်းအထက်ပိုင်း ဒေသပေါင်းစုံက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး၊ လေကြောင်းပစ်ကူများကြောင့် တော်လှန်ရေးအင်အားစုများအကြား ထိခိုက်ကျဆုံးမှု ကြီးမားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ထီးချိုင့်မြို့နယ် ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ရင်း တစ်ရင်းလည်း ထီးချိုင့်မြို့သိမ်းတိုက်ပွဲ ဆင်နွဲရာတွင် ထိခိုက်ကျဆုံးမှု များပြားခဲ့ခြင်းကြောင့် မြို့သိမ်းနိုင်ရေး ရည်မှန်းချက်ကို ယာယီရပ်တန့်ထားမည် ဖြစ်ကြောင်း ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း ထုတ်ပြန်ကြေညာခဲ့သေးသည်။

“ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေ တိုက်နေရတာက လူနဲ့မဟုတ်ပါဘူး။ တိရစ္ဆာန်စိတ်ဝင်နေတဲ့ စစ်ခွေးတွေနဲ့ပါ။ လက်နက်အင်အားမမျှလို့ ကျဆုံးသွားရတဲ့ ရဲဘော်တွေ များစွာရှိသလို စစ်သားတွေက အများကြီးသေတယ်။ ကာကွယ်ရေးတပ်ဖွဲ့က ကျဆုံးမှု မရှိဘူးဆိုတာတွေက အင်မတန်မှားယွင်းတဲ့ သတင်းအချက်အလက်တွေ ဖြစ်ပါတယ် ။ မိမိတို့တပ်ဖွဲ့ဝင်တွေကလည်း စက်ရုပ်တွေမဟုတ်သလို ကျဆုံးမှုက အနည်းနဲ့အများ ရှိပါတယ်။ ယခုမြို့သိမ်းတိုက်ပွဲမှာဆို ကျဆုံးမှု ပိုများခဲ့ပါတယ်” ဟု ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ပြည်သူများကို သတင်းအချက်အလက်အမှားများ မပေးပဲ သတင်းမှန်များကို သိရှိစေရန် တင်ပြရခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

ထီးချိုင့်မြို့ မကျစေရေးအတွက် စစ်ကောင်စီဘက်က အပြင်းအထန်ခုခံခဲ့ရာ၌ ယနေ့အချိန်အထိ လေကြောင်းနှင့် အကြိမ်ရေ ၁၅၀ ထက်မနည်း ဗုံးကြဲခဲ့ကြောင်း တော်လှန်ရေးအင်အားစုများနှင့် နီးစပ်သူများက ဆိုသည်။

ဆေကောင်ခမ်း (ရှမ်းနီအသံ) ပေးပို့သည်။