မြိတ်–ထားဝယ်ခရိုင်၊ ထီးခီးနယ်စပ်ဒေသ၌ စစ်အုပ်စု၏ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်နေရသည့် ဒေသခံ (၃၀၀) ကျော်သည် ထိုင်းဘက်ခြမ်းသို့ ခိုလှုံခွင့်ရရန် စောင့်ဆိုင်းနေကြသည်ဟု သိရသည်။
အောက်တိုဘာ ၈ ရက်နေ့၊ နံနက်ကိုးနာရီဝန်းကျင်တွင် Y-12 လေယာဉ်ဖြင့် (၁၀) ကြိမ်၊ နေ့လည် နှစ်နာရီတွင် ဂျက်ဖိုက်တာဖြင့် တစ်ကြိမ် စစ်အုပ်စုက ဗုံးကြဲချခဲ့ခြင်းဖြစ်သည်။ ထိုဗုံးကြဲမှုကြောင့် နေအိမ်အဆောက် အအုံများ ထိခိုက်ပျက်စီးပြီး ဒေသခံ (၃၅၀) ထက်မနည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကေအဲန်ယူ တပ်မဟာ (၄)/ မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ထားသည်။
အောက်တိုဘာလ ၉ ရက်နေ့တွင်တော့ လေကြောင်းတိုက်ခိုက်မှုမရှိသေးသော်လည်း လုံခြုံရေးစိုးရိမ်မှုကြောင့် လက်ရှိအထိ ဒေသခံများမှာ နေအိမ်မပြန်နိုင်သေးဘဲ ထိုင်းအာဏာပိုင်များဘက်က နိုင်ငံအတွင်း ဝင်ရောက် စစ်ရှောင်ရန် ခွင့်မပေးသောကြောင့် နှစ်နိုင်ငံနယ်စပ်မျဉ်းပေါ်၌သာ ခိုလှုံနေရသည်ဟု ကေအဲန်ယူ၏ မြိတ်–ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နာက ပြောသည်။
“ထိုင်းဘက်က လက်မခံသေးဘူး။ လောလောဆယ် တိုက်ပွဲရော၊ ဗုံးကြဲတာရော မရှိတော့ပေမယ့် ရွာသားကလည်း နေအိမ်ပြန်နေဖို့ စိုးရိမ်လို့ ဒီနယ်စပ်မျဉ်းပေါ်မှာပဲ ရှိနေသေးတယ်” ဟု ပဒိုစောအယ်နာက ကေအိုင်စီသို့ ပြောသည်။
ထိုဒေသခံများအတွက် ကေအဲန်ယူဘက်ကလည်း ထောက်ပံ့ကူညီမှုများ လုပ်ဆောင်ပေးနေသလို ပုဂ္ဂလိက အလှူရှင်များကလည်း အကူအညီပေးသောကြောင့် လတ်တလော အဆင်ပြေနေသေးကြောင်း ပဒိုစောအယ်နာက ဖြည့်စွက်ပြောသည်။
ထိုင်းအာဏာပိုင်များက စစ်ရှောင်များ ဝင်ရောက်ခွင့်မပေးသေးသော်လည်း တိုက်ခိုက်မှုဖြစ်ပွားပြီး နာရီပိုင်းအတွင်း ထီးခီးနယ်စပ်ဂိတ်အနီး ရောက်ရှိလာကာ နယ်မြေအခြေအနေကို စောင့်ကြည့်အကဲခတ်မှု ပြုလုပ်လျက်ရှိကြောင်း ထိုင်းမီဒီယာမှ ဖော်ပြသည်။
ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်အတွင်းရှိ ထိုနယ်စပ်ဂိတ်စခန်းအနီး မြန်မာဘက်တွင် စစ်ဘေးရှောင်နေရသူအချို့ကို ထိုင်းအာဏာပိုင်များက ရှေးဦးသူနာပြုစုနည်းဖြင့် စောင့်ရှောက်ပေးခြင်းအပါအဝင် လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ခဲ့သည်ဟုလည်း ဆိုသည်။
ပြီးခဲ့သည့် ဧပြီလအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပူးပေါင်းတပ်များက ထီးခီးနယ်စပ်ဒေသကို ထိန်းချုပ်နိုင်ရေး ကြိုးပမ်းကာလတုန်းကလည်း စစ်အုပ်စုတပ်များ ဝင်ရောက်မှုကြောင့် ထားဝယ်–ထီးခီးနယ်စပ်ဒေသရှိ ဒေသခံများ စစ်ဘေးရှောင်ခဲ့ရသေးကြောင်း တနင်္သာရီမြောက်ပိုင်းရှိ စစ်ဘေးရှောင်ကူညီရေးအဖွဲ့များက ပြောသည်။
ကေအိုင်စီ