ထိုင်း-မြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့တွင် ခလရ-၉၇ ဒု-တပ်ရင်းမှူးတစ်ဦး ပစ်သတ်ခံရ

0
694

ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် နိုဝင်ဘာလ ၂၃ ရက်‌နေ့ နံနက်ပိုင်းက စစ်ကောင်စီ ခလရ-၉၇ မှ ဒု-တပ်ရင်းမှူးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း မြို့ခံတို့ထံမှ သိရသည်။

ခလရ-၉၇ တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူးအေးချမ်းသည် ဘုရားသုံးဆူမြို့၊ ရပ်ကွက် (၁)၊ လမ်းမရှိ အလှပြင်ဆိုင် တစ်ခုတွင်ရှိနေစဉ် သေနတ်သမားတို့က ယနေ့ (နိုဝင်ဘာ ၂၃ ရက်) နံနက် ၆ နာရီအချိန်ခန့်က လာရောက် ပစ်ခတ်သွားခဲ့ခြင်း ဖြစ်သည်။

သေနတ်ဖြင့် ပစ်ခတ်ခံရတာကြောင့် အသက် ၃၇ နှစ်အရွယ် ဗိုလ်မှူးအေးချမ်းသည် အခင်းဖြစ်ပွားသည့် အလှပြင်ဆိုင်တွင်ပင် သေဆုံးသွားသည်ဟု မြို့ခံတစ်ဦးက ပြောပါသည်။

“အဲ့ဆိုင် (အလှပြင်ဆိုင်) မှာ ရှိနေတဲ့အချိန်မှာ လာပစ်လိုက်တာ၊ ပွဲချင်းပြီးဆုံးသွားတာပဲ။ ဘယ်အဖွဲ့ကပစ်လဲဆိုတာတော့ သေချာမသိဘူး။ ပစ်တဲ့အချိန်မှာ ၆ နာရီ မထိုးခင်လေးဆိုတော့ ဘယ်သူမှလည်း အပြင်မထွက်ရသေးတဲ့အချိန် ဖြစ်နေတယ်” ဟု ယင်းမြို့ခံက ပြောသည်။

ခလရ ၉၇ တပ်ရင်းမှ ဒု-တပ်ရင်းမှူး ဗိုလ်မှူးအေးချမ်းကို မည်သည့်အဖွဲ့အစည်းက မည်သည့်အကြောင်းကြောင်း လာရောက် ပစ်သတ်သွားခဲ့သည်ကို လက်ရှိအချိန်ထိ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

ပြီးခဲ့သည့် ဩဂုတ်လအတွင်းကလည်း ဘုရားသုံးဆူမြို့တွင် နယ်ခြားစောင့်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကို အမည်မသိ လက်နက်ကိုင်အဖွဲ့တို့က လက်နက်ငယ်ဖြင့် ၁၀ ချက်ခန့် ပစ်ခတ်ခဲ့သည်။

ဘုရားသုံးဆူမြို့တွင် စစ်ကောင်စီတပ်ဖွဲ့အပြင် ကရင်အမျိုးသားအစည်းအရုံး KNU၊ ကရင်နယ်ခြားစောင့်တပ် DKBA၊ ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ အစရှိသည့် ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ မွန်ပြည်သစ်ပါတီ NMSP တို့အပြင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသည့် ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ဖွဲ့တို့ လှုပ်ရှားနေသည်ဟု မြို့ခံတို့ထံမှ သိရသည်။

ဘုရားသုံးဆူမြို့တွင် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့များ၊ စစ်ကောင်စီ သတင်းပေးဆိုသူများ၊ အုပ်ချုပ်ရေးမှူးများ၊ နိုင်ငံရေး ပါတီဝင်များ ပစ်ခတ်ခံရသည့်ဖြစ်စဉ် မကြာခဏ ဖြစ်ပွားလေ့ရှိသည်ဟု မြို့ခံများက ပြောပါသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here