ထိုင်း-ကရင်နီ (ကယား) ပြည်နယ်စပ်ရှိ ကရင်နီစစ်ဘေးရှောင် စခန်းနေရာများတွင် စစ်ကောင်စီတပ်က ဒရုန်းနှင့် ကင်းထောက် လေယာဉ်ပျံသန်းမှုများကို ဆက်တိုက်လုပ်လာနေသည့်အတွက် လေကြောင်းတိုက်ခိုက်မှု ရှိလာမည်ကို စစ်ဘေးရှောင်များက စိုးရိမ်နေကြကြောင်း ပြောဆိုသည်။
ဒရုန်းနှင့် ကင်းထောက်လေယာဉ် ပျံသန်းမှုကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၇ ရက်နေ့မှစတင်ပြီး လက်ရှိအချိန်ထိ ဆက်တိုက်လုပ်ဆောင်လာနေသည်ဟု ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက် KCSN က တာဝန်ရှိသူက ယခုလိုပြောသည်။
KCSN ညှိနှိုင်းရေးမှူးခူးကိုရယ်က “ သူတို့ထပ်ပြေးဖို့ နေရာ မရှိတော့ဘူးလေနော်။ ထိုင်းဘက်ကိုလည်း သူတို့ ကူးလို့မရဘူး။ ကူးလာမယ်ဆိုရင်လည်း အနည်းဆုံး တစ်ပတ်လောက်ပဲ ခွင့်ပြုထားတယ်ပေါ့နော်။ အဲ့လိုမျိုး အခြေအနေရောက်တော့ သူတို့ကံတရားကိုပဲ မှီခိုပြီးတော့ ကြိုးစားပြီးတော့ နေနေကြတယ်။ စိုးရိမ်တာက တပိုင်း၊ ရွေးချယ်ခွင့်မရှိတာက တပိုင်းပေါ့နော်” ဟု ပြောသည်။
ထိုင်း – ကရင်နီ နယ်စပ်ရှိ ဒေါနိုးကူးစစ်ဘေးရှောင်စခန်းတွင် နိုဝင်ဘာလပထမပတ်ကစပြီး စစ်ကောင်စီက လေယာဉ်အပြင် ဒရုန်းများနှင့်ပါ ညအချိန် ကင်းထောက်လှမ်းမှုများကို လုပ်လာသည်ဟု စစ်ရှောင်များက ပြောသည်။
ထိုင်း – ကရင်နီနယ်စပ်ရှိ အမှတ် (၁) ကရင်နီ ဒုက္ခသည်စခန်းတွင် နေထိုင်သော စစ်ဘေးရှောင်အမျိုးသမီးက “အရင် တစ်ရက်နှစ်ရက်လောက်ကတော့ လေယာဉ်တွေလာတာ ဒီကနေကြားတယ်။ စိုးရိမ်ပြီးတော့ ပြည်တွင်းပြန်ဖို့လုပ်တဲ့သူတွေလည်း ရှိတယ်။ စခန်းထဲ လာနေကြတဲ့သူတွေက ပိုများတယ်ပေါ့။ အသစ် ထပ်ရောက်လာတဲ့သူတွေလည်း လာကြတာပဲ” ဟု ပြောသည်။
လက်ရှိတွင် ဒေါနိုးကူးစစ်ရှောင်စခန်းမှ စစ်ရှောင်ပြည်သူများသည် ဘေးလွှတ်နိုင်မည့် နေရာသို့ ရွှေ့ပြောင်းနေထိုင်သူများ ရှိသကဲ့သို့ အသစ်ထပ်မံဝင်ရောက်လာသော စစ်ဘေးရှောင်များလည်း အမြဲလိုလိုရှိနေသဖြင့် စစ်ဘေးရှောင်ဦးရေမှာ လျှော့ကျသွားခြင်းမျိုးမရှိဟု အဆိုပါ စစ်ရှောင်အမျိုးသမီးက ဆက်ပြောသည်။
ထိုင်း – ကရင်နီ နယ်စပ်ရှိ ဒေါနိုးကူးစစ်ရှောင်စခန်းတွင် လူဦးရေ စုစုပေါင်း ၃၀၀၀ ခန့်နေထိုင်ကြောင်း သိရသည်။
ဒေါနိုးကူး စစ်ရှောင်စခန်းသည် စစ်ကောင်စီတပ်၏ လေကြောင်းသာမက လက်နက်ကြီးပါ လက်လှမ်းမီနိုင်သော နေရာတွင် ရှိနေခြင်းကြောင့် လုံခြုံရေးအာမခံချက်မရှိသဖြင့် စစ်ဘေးရှောင်များ ပိုမိုစိုးရိမ်ထိတ်လန့်နေကြခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လထဲတွင်လည်း ဒေါနိုးကူး စစ်ရှောင်စခန်းအနီးသို့ စစ်ကောင်စီ၏ ကင်းထောက်လေယာဉ်များနှင့် တိုက်လေယာဉ်များ အနီးကပ်ပျံသန်းမှုများလုပ်ခဲ့ပြီးနောက် ဇူလိုင်လ ၁၂ ရက်နေ့ ညသန်းခေါင်အချိန်တွင် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသည်။
ထိုတိုက်ခိုက်မှုအတွင်း လူထိခိုက်သေဆုံးမှုများရှိသည့်အတွက် စစ်ဘေးရှောင်များသည် ထိုင်းဘက်ခြမ်းသို့ ၃ ကြိမ် ဝင်ရောက်ခိုလှုံခဲ့ကြရသည်။
ကရင်နီ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ KHAI ၏ နိုဝင်ဘာလ ၁၀ ရက်နေ့ စာရင်းအရ ထိုင်း-ကရင်နီ နယ်စပ်နှင့် နီးစပ်သော ရှားတောနှင့် မယ်စဲ့မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်း ၁၈ ခုတွင် လူဦးရေ တစ်သောင်းနီးပါးရှိနေသည်ဟု သိရသည်။
NMG ပေးပို့သည်။