ထိုင်းနိုင်ငံတွင် ရေးဆွဲထားသည့် နိုင်ငံခြားသားများ နေရပ်ပြန်ပို့ရေးဆိုင်ရာ စည်းမျဉ်းမူကြမ်းသည် ဒုက္ခသည်များနှင့် ဖိနှိပ်ညှဉ်းပန်းမှု၊ နှိပ်စက်မှု၊ အတင်းအကျပ်ပျောက်ဆုံးစေမှု သို့မဟုတ် သေဆုံးနိုင်သည့် အန္တရာယ်များနှင့် ရင်ဆိုင်ရနိုင်သူများကို အတင်းအကျပ် နေရပ်ပြန်ပို့ရန် လမ်းဖွင့်ပေးနိုင်ကြောင်း Fortify Rights အဖွဲ့က ဩဂုတ် ၆ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ သတိပေးလိုက်သည်။
Fortify Rights က ထိုင်းအစိုးရအနေဖြင့် အဆိုပါမူကြမ်းကို ချက်ချင်းဆိုင်းငံ့ထားပြီး ဒုက္ခသည်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ လူ့အခွင့်အရေးကျွမ်းကျင်သူများနှင့် ဆွေးနွေးတိုင်ပင်ကာ ပြန်လည်သုံးသပ်သင့်ကြောင်း တိုက်တွန်းထားသည်။
မူကြမ်းကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၄ ရက်တွင် ထိုင်းအစိုးရအဖွဲ့က အတည်ပြုခဲ့ပြီး တရားမဝင်ဝင်ရောက်မှု၊ ဗီဇာကျော်နေထိုင်မှု၊ ရာဇဝတ်မှုကျူးလွန်မှု သို့မဟုတ် တရားမဝင် စီးပွားရေးလုပ်ငန်းများတွင် ပါဝင်သည့် နိုင်ငံခြားသားများကို ပိုမိုလျင်မြန်စွာ နေရပ်ပြန်ပို့နိုင်ရန် ရည်ရွယ်ထားကြောင်း ဖော်ပြထားသည်။
သို့သော် Fortify Rights က အဆိုပါမူကြမ်းတွင် ဒုက္ခသည်များ၏ အကာအကွယ်လိုအပ်ချက်ကို လုံလောက်စွာ စိစစ်ရန် ပြဋ္ဌာန်းချက် မပါရှိသဖြင့် လူများကို ဖိနှိပ်ညှဉ်းပန်းမှု သို့မဟုတ် အသက်အန္တရာယ်ရှိနိုင်သည့် နိုင်ငံများသို့ ပြန်လည်ပို့ဆောင်နိုင်သည့် အန္တရာယ် မြင့်မားလာမည်ဟု ဆိုသည်။
နိုင်ငံသားဖြစ်မှုကို အတည်မပြုနိုင်ပါက နောက်ဆုံးနေထိုင်ခဲ့သည့် နိုင်ငံသို့ ပြန်ပို့နိုင်သည့် ပြဋ္ဌာန်းချက်သည် ရိုဟင်ဂျာများအပါအဝင် အကာအကွယ်လိုအပ်သူများအတွက် ပိုမိုစိုးရိမ်ဖွယ်ဖြစ်ကြောင်းလည်း ထောက်ပြထားသည်။
Fortify Rights ၏ အဆိုအရ ၂၀၂၄ ခုနှစ်အစပိုင်းမှစ၍ ထိုင်းအာဏာပိုင်များသည် မြန်မာစစ်အုပ်စုနှင့် ပူးပေါင်းကာ မြန်မာနိုင်ငံသားများကို အတင်းအကျပ် ပြန်လည်ပို့ဆောင်မှုများ ဆောင်ရွက်ခဲ့ပြီး၊ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်း ရနောင်း–ကော့သောင်း နယ်စပ်မှတဆင့် မြန်မာနိုင်ငံသား ၃,၅၀၀ ကျော် ပြန်လည်ပို့ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။
၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင် ၇ ရက်အထိလည်း နောက်ထပ် ၈၀၈ ဦး ကို ပြန်ပို့ခဲ့ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်း စုစုပေါင်း ၄,၅၇၁ ဦး အထိရှိလာကြောင်း အဖွဲ့က ခန့်မှန်းထားသည်။
Fortify Rights နှင့် တွေ့ဆုံမေးမြန်းမှုတွင် မြန်မာနိုင်ငံမှ CDM ရဲအရာရှိဟောင်းတဦးက စစ်အုပ်စုလက်သို့ ပြန်လည်လွှဲအပ်ခံရပါက ဖမ်းဆီးနှိပ်စက်ခံရခြင်း၊ ထောင်ဒဏ် သို့မဟုတ် သေဒဏ်အထိ ရင်ဆိုင်ရနိုင်ကြောင်း ပြောကြားခဲ့ပြီး၊ ထိုင်း လဝကတာဝန်ရှိသူများက UNHCR လုပ်ငန်းစဉ်မှ နုတ်ထွက်ပါက ပိုမိုမြန်ဆန်စွာ ပြန်လွှတ်ပေးမည်ဟု ပြောဆိုခဲ့ကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
Fortify Rights က အဆိုပါမူကြမ်းသည် အပြည်ပြည်ဆိုင်ရာ ဥပဒေအရ လိုက်နာရမည့် Non-refoulement (အသက်အန္တရာယ်ရှိသည့် နိုင်ငံသို့ အတင်းအကျပ် ပြန်မပို့ရသည့် မူဝါဒ) နှင့် ကိုက်ညီမှုမရှိကြောင်း ထောက်ပြထားသည်။ ထိုင်းနိုင်ငံသည် ၂၀၂၂ ခုနှစ် ညှဉ်းပန်းနှိပ်စက်မှုနှင့် အတင်းအကျပ်ပျောက်ဆုံးစေမှု တားဆီးနှိမ်နင်းရေးဥပဒေ တွင်လည်း ယင်းမူကို ထည့်သွင်းပြဋ္ဌာန်းထားကြောင်း Fortify Rights က ဆိုသည်။
ထို့ပြင် ဇူလိုင် ၁၅ ရက်တွင် ထိုင်းနိုင်ငံရှိ ဒုက္ခသည်အရေး ဆောင်ရွက်နေသည့် အရပ်ဘက်အဖွဲ့အစည်းများကလည်း မူကြမ်းကို ဆိုင်းငံ့ကာ ထိုင်းအမျိုးသား လူ့အခွင့်အရေးကော်မရှင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များနှင့် အရပ်ဘက်အဖွဲ့အစည်းများ ပါဝင်သည့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသုံးသပ်မှု ပြုလုပ်ရန် တောင်းဆိုထားကြောင်း သိရသည်။
မဇ္ဈိမ