ထိုင်းဘက်ထွက်ပြေးသည့် ထီးခီးစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ရနောင်းမြို့သို့ထွက်ခွာ

By MPM 8 မေ, 2025 👁

ကရင်အမျိုးသားအစည်းအရုံး – KNU တပ်မဟာ (၄)၊ ဘိတ်-ထားဝယ်ခရိုင်၊ ထီးခီးနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းမှ ထိုင်းဘက်သို့ ထွက်ပြေးလာသူ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထိုင်းနိုင်ငံ၊ ရနောင်းမြို့သို့ ထွက်ခွာသွားပြီဖြစ်ကြောင်း KNU နှင့် ထိုင်းနယ်စပ်သတင်းရင်းမြစ်ထံမှ သိရသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနက် အချို့သည် ထီးခီးနယ်စပ်မှ ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ထိုင်းအာဏာပိုင်များ၏ အစီအမံဖြင့် မေလ ၇ ရက်နေ့ညက ထွက်ခွာသွားပြီဖြစ်ကြောင်းလည်း KNU နှင့် ထိုင်းနယ်စပ် သတင်းရင်းမြစ်များက ပြောသည်။

KNLA ပူးပေါင်းတပ်၏ ထိုးစစ်အသွင် အရှိန်မြှင့်တိုက်ခိုက်မှုအတွင်း ထီးခီးစခန်း၌တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၉ ဦးသည် ထိုင်း – မြန်မာ နယ်စပ်မျဥ်းကိုဖြတ်ပြီး ထိုင်းနိုင်ငံ ကန်ချနပူရီမြို့နယ်ထဲသို့ အဖွဲ့ခွဲကာ ထွက်ပြေးရောက်ရှိသွားပြီ ဖြစ်သည်ဟု KNU ဘက်က အတည်ပြုပြောဆိုထားသည်။

“ထိုင်းဘက်ရောက်သွားတဲ့ ဗမာစစ်သားတွေထဲက တချို့ကတော့ မနေ့ကညပိုင်းလောက်ကပဲ ရနောင်းကို ထွက်သွားပြီ ပြောတယ်” ဟု တပ်မဟာ(၄) တပ်မဟာမှူး ဗိုလ်မှူးချုပ်စောဖိုးလေးက ပြောပါသည်။

ထိုင်းဘက်ထွက်ပြေးသည့် ထီးခီးစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအပြင် ရဲတပ်ဖွဲ့ဝင်တချို့လည်း ပါဝင်ရာ၌ စစ်သားများကို ရနောင်းနယ်စပ်ဘက်သို့ပို့ပြီး ရဲတပ်ဖွဲ့ဝင်များကို ထိုင်း လူဝင်မှုကြီးကြပ်ရေးဘက်မှ မြန်မာဘက်သို့ ပြန်ပို့ရန် စီစဥ်နေသည်ဟုလည်း ထိုင်းနယ်စပ်သတင်းအရင်းမြစ်က ပြောဆိုသည်။

ထို့အပြင် ထီးခီးစခန်းမှထွက်ပြေးလာသူများတွင် စစ်ကောင်စီ၏ခြေလျင်တပ်ရင်း ခလရ -၂၅ ၏ ဒုတပ်ရင်းမှူး အသက် (၃၅) နှစ်အရွယ်ရှိ နန္ဒအောင်ဆိုသူလည်း ပါဝင်ကြောင်း သိရသော်လည်း သီးခြားအတည်မပြုနိုင်သေးပါ။

KNU ဘိတ် – ထားဝယ်ခရိုင်ဥက္ကဌ ပဒိုစောဖလိုစိုးဝင်းက “သူတို့ကို ထိုင်းဘက် လူဝင်မှုကြီးကြပ်ရေးက တဆင့်ပြီးတဆင့် လွဲပေးသွားမယ်လို့သိရတယ်။ ဒုတပ်ရင်းမှူး ဟုတ်မဟုတ်တော့ မသိဘူး၊ သိထားတာ ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်နေ့မှ ထီးထာစခန်းကို ရောက်လာတဲ့ နန္ဒအောင်ဆိုသူ တစ်ယောက်တော့ပါတယ်။ သူ့ကိုတော့ ထိုင်းဘက်က တဆင့်ပြီးတဆင့်လွှဲသွားမယ်ထင်တယ်” ဟု ပြောသည်။

ထီးခီးစခန်းတွင် ဧပြီ ၁၉ ရက်နေ့က ထီးမိုပွာအထူးဒေသ၊ ထီးထာဗျူဟာစခန်းကျပြီး အင်အားပူးပေါင်းလာသော လက်ကျန်တပ်သားများ၊ လေကြောင်းဖြင့်လာချပေးသော တပ်ဖွဲ့ဝင်များ၊ နဂိုမူလရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား ၁၃၀ ဝန်းကျင် တပ်စွဲထားသည်ဟုဆိုသည်။

ထီးထာစခန်းသိမ်းတိုက်ပွဲ ပြင်းထန်နေစဥ်ကတည်းက ထိုင်းအာဏာပိုင်နှင့် တာဝန်ရှိ ထိုင်းစစ်တပ်၊ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး ကန်ချနပူရီမြို့နယ်၊ ထိုင်း – မြန်မာနယ်စပ်တလျှောက် အခြေအနေကို ကင်းလှည့်စစ်ဆေးခြင်း၊ စောင့်ကြည့်လေ့လာခြင်းတို့ ပြုလုပ်နေကြောင်းလည်း ထိုင်းသတင်းများက ဖော်ပြကြသည်။

KIC ပေးပို့သည်။