တနင်္သာရီတိုင်း၊ ထားဝယ်မြို့ ဆင်ဆိပ်ရပ်ကွက်ရှိ ရေလမ်းပေါ်တွင် စစ်ကောင်စီခန့် တနင်္သာရီတိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး လိုက်ပါလာသည့်ယာဉ်တန်း တိုက်ခိုက်ခံရသည်ဟု မြို့ခံများပြောဆိုမှုအရ သိရသည်။
သြဂုတ် ၁၅ ရက်နေ့ မနက် ၈ နာရီခန့်တွင် တနင်္သာရီတိုင်း နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးမင်းမင်းလတ် လိုက်ပါ လာသော လုံခြုံရေးယာဉ်တန်းကို တော်လှန်ရေးအင်အားစုအဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယာဉ်တန်းတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရရှိပေမယ့် တနင်္သာရီတိုင်း နယ်လုံဝန်ကြီး ထိခိုက်မှုရှိမရှိ အခြေအနေအသေးစိတ်ကို မသိရှိရသေးပေ။
အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ဒေသခံနေအိမ်များကို သေနတ်နှင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး အော်ဟစ်ဆဲဆိုမှု ပြုသွားကြောင်း မြို့ခံတို့ ပြောပြချက်အရ သိရသည်။
ထားဝယ်အခြေစိုက် တော်လှန်ရေးအင်အားစုအဖွဲ့များက ထိုပစ်ခတ်မှုနှင့်ပတ်သက်ပြီး မကြာမီအသေးစိတ် သတင်းထုတ်ပြန်ပေးမည်ဟု ဆိုသည်။
နယ်လုံဝန်ကြီးယာဉ်တန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က တပ်အင်အား ၅၀ ကျော်နှင့် ဆင်ဆိပ် သဲကျောက်လုပ်ငန်းခွင်များတွင် ဝင်ရောက်နေရာယူထားသည်ဟု ဒေသခံများက ပြောသည်။
တနင်္သာရီတိုင်း နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးမင်းမင်းလတ်သည် ယခင်နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးသိန်းလင်း အဖမ်းခံရပြီးနောက် ၂၀၂၃ ခုနှစ်အလယ်ပိုင်းတွင် တိုင်းနယ်လုံဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရခြင်းဖြစ်သည်။
သံလွင်တိုင်းမ် ပေးပို့သည်။