ထားဝယ်ခရိုင် သပိတ်ကော်မတီ တာဝန်ခံအား စစ်ကောင်စီ ဖမ်းဝရမ်းထုတ်

0
387

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း နယ်မြေတည်ငြိမ်စေရန်နှင့် ပြည်သူများ၏ အကျိုးစီးပွားအတွက်ဟုဆိုကာ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ၊ စည်းရုံးလှုံ့ဆော်ရေးဆပ်ကော်မတီ၏ တာဝန်ခံဖြစ်သူ ဦးမင်းလွင်ဦး ငွေကျပ်သိန်းသုံးရာဖြင့် ယနေ့ ဖမ်းဝရမ်းထုတ်ခံရကြောင်း အဆိုပါကော်မတီမှ သိရသည်။

လောင်းလုံးမြို့နယ်အတွင်း အကြမ်းမဖက် လူထုစည်းရုံးရေးနှင့် အသိပညာပေးရေးလှုပ်ရှားမှုများအား ပြုလုပ်လျက်ရှိသော အဆိုပါကော်မတီ၏ တာဝန်ခံအား စစ်ကောင်စီလက်အောက်ခံ ထားဝယ်ခရိုင် လုံခြုံရေးနှင့်အေးချမ်းတည်ငြိမ်မှုဖော်ဆောင်ရေးအဖွဲ့ ခရိုင်ဥက္ကဌက နယ်မြေတည်ငြိမ်စေရေးအပြင် ဒေသခံလူငယ်များအား သွေးဆောင်မှုကြောင့် အုပ်ထိန်းသူမိဘပြည်သူများမှ တိုင်ကြားလာသည့်အပေါ် ထိုသို့ ဝရမ်းထုတ်ခဲ့ကြောင်း ၎င်းအဖွဲ့၏ဝရမ်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါဖော်ပြချက်နှင့်ပတ်သက်၍ တာဝန်ခံဦးမင်းလွင်ဦးက “ကျနော်တို့တော်လှန်ရေးက လူထုကြားကပေါက်ဖွားလာတဲ့ လူထုတော်လှန်ရေးပါ။ တော်လှန်ရေးမှာ ဦးဆောင်ပါဝင်နေကြတဲ့လူငယ်တွေက မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်၊ယုံကြည်မှုနဲ့ပါဝင်နေကြတာ။ ဒီလူငယ်တွေဟာ ကိုယ်ပိုင်တွေးခေါ်နိုင်စွမ်းရှိတဲ့ လူငယ်တွေဖြစ်တယ်။ ကျနော်တို့က သူတို့ကိုဘယ်လိုမှ သွေးဆောင်ဖြားယောင်းလို့မရပါဘူး။ ပြည်သူလူထုက တော်လှန်ရေးကို ပုံဖော်ခဲ့တာမို့လို့ သူတို့ရဲ့စွပ်စွဲချက်က အဓိပ္ပါယ်မရှိပါဘူး။” ဟု ၎င်းကကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ၎င်းတို့ကော်မတီဝင်များ၏ လုံခြုံရေးပိုင်းတွင် စိတ်ချရမှုမရှိသော်လည်း လူထုလွတ်လပ်မှုနှင့် တော်လှန်ရေးတွင် လက်တွေ့ကျကျပါဝင်နိုင်ရန် ယခုလို စစ်ကောင်စီအား ဆန့်ကျင်သော လူထုသပိတ်လှုပ်ရှားမှုများ ဖော်ဆောင်ကြခြင်းဖြစ်ပြီး စစ်ကောင်စီက မည်မျှ ဖမ်းဝရမ်းထုတ်ပြန်ပါစေ ၎င်းတို့၏လုပ်ဆောင်ချက်များအား အပွန်းပဲ့မခံဘဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးမင်းလွင်ဦးက ဆက်လက်ပြောဆိုသည်။

အလားတူ လူထုသပိတ်တွင် လှုပ်ရှားပါဝင်သော လူငယ်တစ်ဦးကလည်း “ကျနော်တို့သပိတ်မှာပါဝင်နေသူတွေက ဘာမှ ဘုမသိဘမသိနဲ့အပျော်လိုက်လုပ်နေတဲ့သူတွေ မဟုတ်ပါဘူး။ သပိတ်မှာပါဝင်နေတယ်ဆိုကတည်းက အသက်အန္တရာယ်စိုးရိမ်ရတဲ့အနေအထားဆိုတာ သိပါတယ်။ သူတို့ပြောသလို မသိနားမလည်ဘဲ သွေးဆောင်ဖျားယောင်းခံရတယ်ဆိုတာ မဟုတ်ပါဘူး။ စစ်ကောင်စီဘက်က တော်လှန်ရေးသိက္ခာကျအောင် ပုံဖျက်ယူနေတယ်လို့ မြင်ပါတယ်။” ဟု ရှင်းပြပြောဆိုသည်။

အာဏာသိမ်းစစ်ကောင်စီက ၂၀၂၁ ခုနှစ် မတ်လအတွင်း ကော်မတီတာဝန်ခံ ဦးမင်းလွင်ဦးအား ပုဒ်မ ၅၀၅(က) ဖြင့် ဖမ်းဝရမ်းထုတ်ထားခဲ့သလို ၂၀၂၃ ခုနှစ် မတ်လတွင်လည်း အကြမ်းဖက်ဥပဒေအရ အရေးယူခံထားရပြီး ထွက်ပြေးတိမ်းရှောင်နေရသည့်စာရင်းတွင် ဦးမင်းလွင်ဦးက ဓာတ်ပုံနှင့်တကွ ဖော်ပြပါဝင်ခံရကြောင်း သပိတ်ကော်မတီမှ သိရသည်။

ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီကို ထားဝယ်လူထုသပိတ်အား ဦးဆောင်ခဲ့သောလူငယ်များ၊ ဒေသအလိုက်သပိတ်ကော်မတီများနှင့် တော်လှန်ရေးအင်အားစုများဖြင့် ထားဝယ်ခရိုင်အတွင်း လူထုသပိတ်ဦးဆောင်နိုင်ရန်ရည်ရွယ်၍ ဖွဲ့စည်းထားခြင်းဖြစ်သည်။

အလားတူ စစ်တပ်အာဏာသိမ်းယူပြီးနောက်ပိုင်းမှ ယခု ဧပြီလ (၁၁) ရက်နေ့အထိ အာဏာသိမ်းမှုကိုဆန့်ကျင်၍ ဒီမိုကရေစီအရေးလှုပ်ရှားမှုကြောင့် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံခဲ့ရသူ ၂ သောင်းကျော်ရှိနေပြီး တော်လှန်ရေးလုပ်ဆောင်မှုကြောင့် သေဒဏ်ချမှတ်ခံထားရသူစုစုပေါင်း တစ်ရာကျော်ရှိကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဧပြီလ (၁၁) ရက်နေ့တွင် ထုတ်ပြန်ထားသည်။

နန့်ဆန်းထီ(KIC) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here