ချင်းပြည်နယ်၊ ထန်တလန်မြို့သိမ်းတိုက်ပွဲကို Tilim စစ်ဆင်ရေး – ၄ အဖြစ် ဖော်ဆောင်နေပြီး ချင်းပြည်အစိုးရ ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ချင်းအမျိုးသားတပ်ဦး CNF/ CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။
“စကစ (စစ်ကောင်စီ) က မြို့တွင်း ခံစစ်ကောင်းတဲ့ နေရာတွေကနေ ခုခံနေကြတယ်။ မြို့တွင်း နေ့စဉ်ပစ်ခတ်မှု ရှိနေသေးတယ်။ ဂျက်ဖိုက်တာနဲ့ ပစ်ကူသလို ဟားခါးကနေ စစ်ကူပို့နိုင်ဖို့ ကြိုးစားနေကြတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။
ဟားခါး- ထန်တလန်ကြားက လုံခါရ်နှင့် အော်တိုတောင်ပေါ်မှ စစ်ကောင်စီစခန်းများနှင့် ထန်တလန်မြို့တို့ကို ဇူလိုင်လ ၂၂ ရက် မှ စတင်၍ ယနေ့ချိန်အထိ ချင်းပြည်အစိုးရ ပူးပေါင်းတပ်များက တပြိုက်နက်ထိုးစစ်ဆင် တိုက်ခိုက်နေခဲ့ရာတွင် ဟားခါး – ထန်တလန်ကြားရှိ စစ်ကောင်စီစခန်းများနှင့် ထန်တလန်မြို့ပေါ်က အဓိက စခန်းကုန်း ခလရ – ၂၆၉ တို့ကို သိမ်းထားပြီးဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီသည် ထန်တလန်မြို့ မကျစေရေးအတွက် မြို့ပေါ်နေရာတချို့တွင် ခံစစ်အခိုင်အမာပြင်ဆင်၍ ခုခံတိုက်ခိုက်နေခြင်းဖြစ်ပြီး ဟားခါးမြို့မှ စစ်ကူများပို့နိုင်ရေးလည်း ကြိုးစားနေသည်ဟု ဆလိုင်းထက်နီက ပြောသည်။
Tilim အော်ပရေးရှင်း – ၄ ကို ဆက်လက်ဖော်ဆောင်နေရာ မကြာမီတွင် ထန်တလန်မြို့ကို ချင်းပြည် အစိုးရ တပ်များ သိမ်းနိုင်မည်ဟု ဆလိုင်းထက်နီက Voice of Chinland နှင့် အင်တာဗျူးတွင် ဖြေကြားထားသည်။
“အခုလက်ရှိ ချင်းပြည်အစိုးရတပ်ဖွဲ့ဝင်တွေအနေနဲ့ ထန်တလန်မြို့သိမ်းရေးဆိုပြီးတော့ Tilim အော်ပရေးရှင်း – ၄ ကို ဖော်ဆောင်နေတာ ဖြစ်ပါတယ်။ အဲဒီမှာ မကြာမီမှာ ပြည်သူလူထုက သတင်းကောင်း ကြားရမှာပါ။ ကြားနိုင် အောင်လည်း ကျနော်တို့က အစွမ်းကုန် တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။
ထန်တလန်မြို့သိမ်း တိုက်ပွဲများအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုများ ရှိနေကြောင်း ဆလိုင်းထက်နီက ထည့်သွင်း ပြောဆိုသည်။
ထန်တလန်မြို့သိမ်းတိုက်ပွဲကို ဖော်ဆောင်နေစဉ် CNA နှင့် CDF – ဟားခါးပူးပေါင်းတပ်သည် ရုန်တောင် စစ်ဆင်ရေးအဖြစ် ဟားခါးမြို့စည်ပင်ဧရိယာထဲက စစ်ကောင်စီစခန်း Keivaangzuan ကို ယမန်နေ့ (သြဂုတ်လ ၁၂ ရက်) က သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
ဟားခါးမြို့နှင့် သီမစ်လွင်ပြင်ကြားက Keivaangzuan စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၀ ဦး သေဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဟားခါး – ထန်တလန်ကြားက စစ်ရေးအရ အရေးပါသည့် C3 စခန်းနှင့် အော်တိုတောင် စခန်းများကို ပြန်လည် သိမ်းနိုင်ရေးအတွက် စစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ကူများဖြင့် အပြင်းအထန် ထိုးစစ်ဆင်မှုများလည်း ဩဂုတ်လ ပထမပတ်က ပြုလုပ်နေခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ်တွင် ဟားခါး၊ ထန်တလန်၊ မင်းတပ်၊ ကန်ပက်လက်၊ တီတိန်းနှင့် ဖလမ်းမြို့တို့တွင် စစ်ကောင်စီတပ်စခန်းများ ကျန်ရှိနေသေးကြောင်း သိရသည်။
KMG ပေးပို့သည်။