တော်လှန်ရေးတွင် အသက်ပေးဆပ်ရသူများနှင့်ကိုယ်လက်အင်္ဂါပေးဆပ်ခဲ့ရသူများကို မမေ့ပစ်ရန် KA စစ်ဦးစီးချုပ် တိုက်တွန်း

By MPM 9 စက်တင်ဘာ, 2024 👁 3

ကရင်နီအမျိုးသားခုခံတော်လှန်ရေးနှင့်အတူ ပေါ်ပေါက်လာသည့် ကရင်နီအာဇာနည်နေ့သည် ဝမ်းနည်းကြေကွဲရသည့်နေ့ဖြစ်ပြီး တော်လှန်ရေးတွင် အသက်ပေးဆပ်ရသူများနှင့် ကိုယ်လက်အင်္ဂါပေးဆပ်ခဲ့ရသူများကို မမေ့ကြရန် ကရင်နီအမျိုးသားအားလုံးကို ကရင်နီပြည်တပ်မတော် (KA) စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်မြတ်က တိုက်တွန်းပြောဆိုသည်။

ဗိုလ်မှူးချုပ်အောင်မြတ်က “(၇၆) နှစ်ရှိပြီ။ ဆိုတော့ ပြောချင်တာက ဒီကနေ့က ပျော်ပွဲရွှင်ပွဲနေ့ မဟုတ်ဘူး။ ဝမ်းနည်းပက်လက် ဝမ်းနည်းကြေကွဲနေ့၊ ဝမ်းနည်းပြီး ကြေကွဲတာတောင်မှ တိုင်းပြည်အတွက် လူမျိုးအတွက် အမျိုးသားလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ မိမိတို့ရဲဘော်ရဲဘက်ပေါ့နော၊ ကျဆုံးသွားတဲ့ဟာတွေ ခေါင်းဆောင်ကျဆုံးသွားတဲ့ဟာတွေ ဝမ်းနည်းကြေကွဲတာပေါ့။ သို့သော်လည်းပဲ သူတို့အတွက် ဂုဏ်ယူရမှာပေါ့” ဟု ဆိုသည်။

စက်တင်ဘာ ၈ ရက်နေ့တွင် ကျရောက်သည့် (၇၆) နှစ်မြောက် ကရင်နီအာဇာနည်နေ့အခမ်းအနားကို ကရင်နီပြည်တပ်မတော် (KA) ဌာနချုပ် တာလဲဒူဆို (ခေါ်) ညာမိုတွင် ကျင်းပပြုလုပ်ခဲ့သည့် အခမ်းအနား အပြီးတွင် ဗိုလ်မှူးချုပ်အောင်မြတ်က ဖြေကြားပြောဆိုခြင်း ဖြစ်သည်။

ဆက်လက်ပြီး ဗိုလ်မှူးချုပ်အောင်မြတ်က “အခုဆို ပိုဆိုးတာပေါ့။ ရွာလည်း မရှိတော့ဘူး၊ အိမ်လည်း မရှိတော့ဘူး၊ လူတွေလည်း ဘဝပျက်နေကြတယ်။ ချက်ချင်းပြီးတော့မှ တမလွန်ဘဝပြောင်းသွားတာ ဘာမှပြဿာနာမရှိဘူး။ အခုက ကိုယ်လက်အင်္ဂါချို့ယွင်းတာတွေ မသန်မစွမ်းဖြစ်တာတွေက မပစ်ထားကြဖို့ ကရင်နီတစ်မျိုးသားလုံးကို ပြောချင်တယ်။ ကရင်နီတော်လှန်ရေး လူကြီးတွေကိုလည်း ပြောချင်တယ်။ အဝေးရောက် နိုင်ငံခြားမှာ ရောက်နေတဲ့ ကရင်နီအမျိုးသားတွေကိုလည်း ပြောချင်တယ်” ဟု ဆိုသည်။

(၇၆) နှစ်မြောက် ကရင်နီအာဇာနည်နေ့အခမ်းအနားကို တက်ရောက်လာသူ အမျိုးသားတစ်ဦးက သားဖြစ်သူမှာ တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးဆပ်ထားခြင်းကို မိဘတစ်ဦးအနေနှင့် ဂုဏ်ယူရသလို ကျန်ရှိနေသူများအနေနှင့်လည်း အာဏာရှင်ကို ဆက်လက်ပြီး ဝိုင်းဝန်းတော်လှန်သွားကြရန် အခုလို ပြောဆိုသည်။

“ကျနော်တို့ ကရင်နီပြည်က ဖိနှိပ်ခံလာရတာ နှစ်ပေါင်း ၇၀ ကျော်ပြီလေ။ ကျနော်တို့ ခံလာခဲ့ရတာကြာပြီ။ ဒီနေ့အထိလည်း မပြီးဆုံးနိုင်သေးဘူး။ ကျန်နေသေးတဲ့သူတွေလည်း ဘယ်လိုဖြစ်လာမယ်ဆိုတာ မသိသေးဘူး။ မပြီးနိုင်သေးဘူးရော၊ စစ်တပ်က ကျနော်တို့ကို ဖိနှိပ်တာတွေကို အားလုံးအတူတူ ဝိုင်းဝန်းကြိုးစားပြီးတော့ ဆက်တော်လှန်ကြမယ်လေနော” ၎င်းက ပြောသည်။

ကရင်နီအာဇာနည်များဟာ ကရင်နီလူမျိုးအတွက် တာဝန်ကျေပွန်ခဲ့ကြပြီဖြစ်ပြီး ကရင်နီအမျိုးသားများရဲ့ လိုလားချက်များအတွက် ယနေ့ ၊ အနာဂတ် လှုပ်ရှားဆောင်ရွက်မှုများဟာ အသက်ရှင်ကျန်ရှိနေသည့် မိမိတို့လက်ထဲက တာဝန်များဖြစ်ပြီး မတူညီခြားနားမှု၊ အမြင်ကွဲလွဲမှုကို ဘေးဖယ်ကာ ကရင်နီ အမည်နာမ အောက်မှာ စည်းလုံးညီညွတ်စွာ ပါဝင်ဆောင်ရွက်ကြဖို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က ပေးပို့လာသည့် သဝဏ်လွှာတွင် ရေးသားဖော်ပြထားသည်။

ကရင်နီအမျိုးသားခုခံတော်လှန်ရေးတွင် ပါဝင်နေကြသည့် မိဘပြည်သူ၊ ရဲဘော်အားလုံးအနေနှင့် ရပ်တည်ချက် ခိုင်မာပြီး မတရားမှုကို အန်တုလိုသော စိတ်ဓါတ်၊ လွတ်လပ်မှုကို ကာကွယ်ရဲသည့် သတ္တိ၊ တန်းတူရေးကို မြတ်နိုးပြီး ကရင်နီအမည်နာမအောက်မှာ စည်းလုံးညီညွတ်စွာ တိုက်ပွဲဝင်သွားကြမယ်ဆိုရင် အောင်ပွဲဟာ မကြာမီအချိန်အတွင်း ကရင်နီအမျိုးသားလုံးအတွက် မုချဖြစ်လိမ့်မယ်လို့ KNPP က ဆိုထားသည်။

ကရင်နီအမျိုးသားအစည်းအရုံးဥက္ကဌ၊ သီးခြားလွတ်လပ်သော ကရင်နီပြည်၊ ကရင်နီအမျိုးသား ခုခံတော်လှန်ရေးခေါင်းဆောင် ဂိုဘီတူရီဟာ ဖဆပလအုပ်စုနှင့် သွားရောက်ဆွေးနွေးစဉ် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသဖြင့် ကျဆုံးခဲ့သောနေ့ကိုအစွဲပြုပြီး ကရင်နီအာဇာနည်နေ့ကို ၁၉၄၈ ခုနှစ်ကတည်းက ကျင်းပလာသည်မှာ ယခုဆိုရင် ၇၆ နှစ်မြောက်ရှိလာပြီဖြစ်သည်။

ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။