တော်လှန်ရေးကို အဆုံးအထိ မမှိတ်မသုန်သွားရန် ဗိုလ်ချုပ်ဂွန်မော်တိုက်တွန်း

By MPM 1 ဇန်နဝါရီ, 2026 👁

တော်လှန်ရေးသည် အဆုံးတွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်မည်ဆိုသည့် ရည်မှန်းချက်အတိအကျ ရှိပြီးသားဖြစ်သည့်အတွက် မမှိတ်မသုန်သွားရန် လိုကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ဂွန်မော်က တိုက်တွန်းပြောကြားသည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်က ပြုလုပ်သည့် ချင်းညီနောင် (Chin Brotherhood) ဖွဲ့စည်းတည်ထောင်ခြင်း နှစ်နှစ်ပြည့်အခမ်းအနားသို့ အွန်လိုင်းမှတဆင့် တက်ရောက်မိန့်ခွန်းပြောကြားရာ၌ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ဟာ တူညီတဲ့ပန်းတိုင်ရှိပြီးသားဖြစ်တယ်လို့ ယုံကြည်ပါတယ်။ မတရားမှုကို ကျွန်တော်တို့ တော်လှန်တယ်။ ဒါကျွန်တော်တို့ရဲ့အစဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပန်းတိုင်ကတော့ တကယ်စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်မယ်ဆိုတဲ့ ပန်းတိုင်ဖြစ်တယ်။ အဲ့ဒီတော့ကျွန်တော်တို့ဟာ ဘယ်ကနေစပြီး ဘယ်မှာအဆုံးသတ်မလဲဆိုတာ အတိအကျရှိတယ်လို့ ယုံကြည်ပါတယ်” ဟု ဗိုလ်ချုပ်ဂွန်မော်က ဆိုသည်။

တော်လှန်ရေးသမားများ မှန်ကန်သည့်လမ်းကြောင်းပေါ်တွင် ရှိနေရန်လိုပြီး စုစည်းရန် အရေးကြီးကြောင်း၊ ရန်သူကို လက်နက်အင်အား၊ တခြားသောအင်အားများဖြင့် ယှဉ်ရန်ဆိုသည်မှာ ခက်ခဲပြီး အမှန်တရားပေါ်တွင် ရပ်တည်ပြီး စုစည်းသည့် ခွန်အားကသာလျှင် တကယ့်ခွန်အားအစစ်အမှန်ဖြစ်သည်ကို အမြဲသတိချပ်ရန်လိုကြောင်းလည်း ဗိုလ်ချုပ်ဂွန်မော်က ပြောသည်။

“စုစည်းတယ်လို့ပြောတဲ့အခါမှာ ကျွန်တော်တို့ CRPH ဥက္ကဋ္ဌကြီး ခုနက မိန့်ခွန်းပြောသွားသလိုပဲ ဘယ်သူက အထက်လဲ ဘယ်သူက အောက်လဲဆိုတဲ့ အတွေးအခေါ်တွေက ကျွန်တော်တို့ကို ခဏခဏ အနှောင့်အယှက်ပေးပါတယ်။ ဒီလိုဟာမျိုးကို တမင်တကာ ကျွန်တော်တို့အဖွဲ့ကြားထဲကို ခေါင်းထဲကို ရိုက်သွင်းတဲ့ဟာတွေကို ကျွန်တော်တို့ နားထောင်လို့ မရပါဘူး။ အဲ့ဒီတော့ စုစည်းရမယ်၊ တာဝန်ကိုယ်စီရှိတယ်ဆိုတဲ့ဟာကို သတိချပ်ဖို့လိုပါတယ်” ဟု ဆိုသည်။

တော်လှန်ရေးအင်အားစုများ မှန်ကန်သည့် လမ်းကြောင်းပေါ် သွားသည့်အခါ စုစုစည်းစည်းဖြင့် တဖက်နှင့်တဖက်၊ တဦးနှင့်တဦး နားလည်မှုအပြည့်ဖြင့် အချိတ်အဆက်ညီညီ ဆောင်ရွက်ရန်လိုကြောင်း၊ လက်ရှိ နွေဦးတော်လှန်ရေးသည် အစီစဉ်တကျတော်လှန်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို အစီစဉ်တကျတည်ဆောက်ရန် အခွင့်အရေးဖြစ်ကြောင်းလည်း သူက ပြောကြားခဲ့သည်။

ချင်းညီနောင်ဖွဲ့စည်းတည်ထောင်ခြင်း နှစ်နှစ်မြောက်အခမ်းအနားကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည့်ညွန့်၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) မှ ဦးတိုးကျော်လှိုင်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့လည်း တက်ရောက်ခဲ့ကြသည်။

မဇ္ဈိမ