တောင်ငူ-သံတောင်လမ်းတွင် စစ်ကောင်စီက စစ်ဆေးရေးပိုမိုတင်းကြပ်ပြီး အဖမ်းအဆီးများ ရှိနေ

0
388

ကရင်ပြည်နယ်၊ သံတောင်မြို့ တောင်ငူ-သံတောင်ကားလမ်းပေါ်ရှိ စစ်ကောင်စီ၏ဂိတ်စခန်းများတွင် ပြီးခဲ့သည့်အပတ်မှစ၍ ဆိုင်ကယ်များကို တားမြစ်စစ်ဆေးခြင်း၊ အရပ်သားပြည်သူများ၏ ဖုန်းများသို့ စစ်ဆေးရှာဖွေခြင်းများ ပိုမိုလုပ်ဆောင်နေပြီး ဖမ်းဆီးခံရမှုများရှိနေကြောင်း သံတောင်မြို့ခံများက ပြောသည်။

သံတောင် (၁၃) မိုင်တွင် ပြီးခဲ့သည့် ဧပြီလ (၂၅) ရက်နေ့ညပိုင်းက နေရပ်ပြန်လာသောစစ်ဘေးရှောင်များတွင် PDF များပါလာကြသည်ဟု စစ်ကောင်စီကစွပ်စွဲပြောဆို၍ မြို့တွင်းသို့လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ဂိတ်စခန်းများတွင် လက်ရှိအချိန်ထိ ထိုကဲ့သို့ စစ်ဆေးရေးများပိုမိုတင်းကြပ်ထားခြင်းဖြစ်ကြောင်း မြေပြင်သတင်းအရင်းအမြစ်များမှ သိရသည်။

ထို့အတူ ယမန်နေ့ မေလ (၁) ရက်နေ့ မနက်ပိုင်းကလည်း သံတောင်ဆေးရုံလမ်းတွင် ပျောက်ကြားဦးထုပ်ဆောင်း၍ ဆိုင်ကယ်မောင်းနှင်လာသူ လူငယ်တစ်ဦး လှည့်ကင်းလှည့်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းခံလိုက်ရကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

သံတောင်မြို့ခံတစ်ဦးက “ပြီးခဲ့တဲ့အပတ် (၂၇) ရက်နေ့ကဆိုရင်လည်း သံတောင်-တောင်ငူလမ်း ကျောက်တိုင်လမ်းခွမှာ ဆိုင်ကယ်တွေကို တော်တော်လေးစစ်နေတာတွေ့ရတယ်။ လူငယ်ဆိုရင်ပိုဆိုးတာပေါ့။ ဖုန်းထဲမှာနိုင်ငံရေးနဲ့ပတ်သက်တာတွေတွေ့ရင် ဖမ်းခံရတာရှိတယ်၊ အဲဒီနေ့ကလည်း သူတို့ (စစ်ကောင်စီ) ဖမ်းထားတဲ့လူငယ်နှစ်ယောက်ကို တွေ့လိုက်တယ်။” ဟု ၎င်း၏မျက်မြင်တွေ့ရှိချက်ကို ပြောပြသည်။

ထို့အပြင် ဧပြီလ (၂၈) ရက်နေ့ကလည်း သံတောင်မြို့ (၁၃) မိုင်တွင် အိမ်သန့်ရှင်းရေးပြန်လုပ်သော ဒေသခံလူငယ်တစ်ဦးအား တားမြစ်ကာ ဖုန်းစစ်ဆေးပြီးနောက် သံသယရှိသည်ဟုယူဆသဖြင့် စစ်ကောင်စီတပ်များက ဖမ်းဆီးခေါ်ဆောင်သွားသလို ယခုအချိန်ထိ ပြန်မလွှတ်သေးကြောင်း အခြားဒေသခံတစ်ဦးက‌ ပြောသည်။

“ကျမထင်တာတော့ အထူးသဖြင့်ပေါ့နော် (၁၃) မိုင်က ဒေသခံတွေ စစ်ရှောင်နေပြီး ပြီးခဲ့တဲ့လမှာ တဖြည်းဖြည်း အိမ်ပြန်လာကြတာ အဲဒီတော့ ဒီရက်ပိုင်းမှာ လူဝင်လူထွက်များလာတယ်။ ဒါကြောင့်လည်း ပိုတင်းကြပ်စစ်ဆေးနေပြီး ပစ်ခတ်မှုတွေလုပ်နေကြတာပါ။” ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။

သံတောင်ရှိ စစ်ကောင်စီဂိတ်စခန်းများတွင် စစ်ဆေးရေးများပိုမိုလုပ်ဆောင်လာခြင်းနှင့်ပတ်သက်၍ တော်လှန်ရေးအင်အားစုများမှလည်း သံတောင်-တောင်ငူ လမ်းအားအသုံးပြု၍ ဖြတ်သန်းသွားလာနေသော ဒေသခံများအနေဖြင့် မိမိတို့၏ဖုန်းများအတွင်းတွင် နိုင်ငံရေးနှင့်ပတ်သက်သော အကြောင်းအရာများအား ရှင်းလင်းထားရန်နှင့် စစ်ကောင်စီနှင့်ခပ်လှမ်းလှမ်းတွင် နေထိုင်ကြရန် သတိပေးပြောဆိုထားသည်။

ပြီးခဲ့သည့် ဧပြီလ (၂၅) ရက်နေ့၊ ညပိုင်းမှစ၍ စစ်ကောင်စီက သံတောင်မြို့အတွင်း လက်နက်ကြီးပစ်ခတ်ခဲ့မှုကြောင့် နေအိမ်နှစ်လုံးထိခိုက်ပျက်ဆီး၍ ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဧပြီလ (၂၉) ရက်နေ့ကလည်း (၁၃) မိုင်စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီး ထပ်မံပစ်ခတ်ခဲ့မှုကြောင့် မြို့တွင်းနေထိုင်သူများ စိုးရိမ်ထိတ်လန့်၍ သတိဖြင့်နေထိုင်နေရကြောင်း ဒေသခံများကပြောသည်။

အလားတူ ယမန်နေ့ မေလ (၁) ရက်နေ့ကလည်း သံမိုးတောင်ကျေးရွာအနီးတစ်ဝိုက်သို့ ကင်းလှည့်လာသော စစ်ကောင်စီတပ်များ နယ်မြေခံကာကွယ်ရေးတပ်ဖွဲ့များ၏ မိုင်းဆွဲတိုက်ခိုက်ခြင်းခံရသောကြောင့် ဇလဲကျေးရွာ စစ်ကောင်စီတပ်စခန်းမှ တုံ့ပြန်လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်သော်လည်း ကာကွယ်ရေးတပ်များနှင့်ဒေသခံထိခိုက်မှုမရှိကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

နန့်ဆန်းထီ(KIC) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here