တောင်ငူမြို့ရှိ စစ်ဘေးရှောင် ၄,၀၀၀ ထောင်ခန့် လမ်းပိတ်ဆို့မှုကြောင့် နေရပ်မပြန်နိုင်ဘဲ စားရိက္ခာများလိုအပ်နေ

By MPM 11 နိုဝင်ဘာ, 2024 👁

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ရှိ ကျေးရွာပေါင်း ၅ ရွာထက်မနည်းမှ စစ်ဘေးတိမ်းရှောင်သူ ၄,၀၀၀ ခန့်သည် စစ်ကောင်စီတပ်က လမ်းပိတ်ဆို့မှုများကြောင့် လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးဘဲ စားနပ်ရိက္ခာ အဓိက လိုအပ်မှုရှိနေကြောင်း စစ်ဘေးရှောင်များကို အကူအညီပေးနေသူများက ပြောဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက်နေ့က စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ အပြန်အလှန်ပစ်ခတ်မှုတွင် လက်နက်ကြီးများ ကျရောက်ခဲ့သည့် ကွမ်းသီးပင်ကျေးရွာနှင့် အနီးတဝိုက်ရွာများမှ ဒေသခံပြည်လူသူ ၄၀၀၀ ခန့်သည် နေရပ်စွန့်ခွာ ထွက်ပြေးကြခြင်း ဖြစ်သည်။

လက်ရှိတွင်လည်း စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားသည့် ကျေးရွာများသို့ ဝင်ထွက်သွားလာသည့် လမ်းကြောင်းများကို ပိတ်ဆို့ထားသည့်အပြင် နယ်မြေတည်ငြိမ်မှု မရှိသေးသဖြင့် အဆိုပါစစ်ရှောင်များ ယနေ့အထိ နေရပ်မပြန်နိုင်ဘဲ အခြေခံစားနပ်ရိက္ခာများ လိုအပ်မှုရှိနေသည်ဟု စစ်ရှောင်များကို ကူညီပေးနေသူတစ်ဦးက ပြောသည်။

“ဘယ်သူမှ အိမ်မပြန်ရဲသေးဘူး။ လမ်းကြောင်းတွေ ပိတ်ထားတယ်။ နောက်ပြီး တပ်တွေအဖွဲ့တွေလည်း ရှိနေသေးတော့ နီးစပ်ရာရွာတွေ၊ ရွာတွေက ဘုန်းကြီးကျောင်းတွေနဲ့ အသိအိမ်တွေမှာ နေကြတယ်။ စားစရာတော့ အဓိကလိုတာပေါ့” ဟု ၎င်းက ပြောသည်။

ယင်းအပြင် စစ်ရှောင်ပြေးလာရစဥ် အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့် ပြေးလွှားလာရသည့် စစ်ရှောင်များလည်းရှိနေပြီး ရာသီဥတုအအေးပိုလာပါက အနွေးထည်နှင့်စောင်များ လိုအပ်လာမည်ဟု စစ်ရှောင်များ နေရပ်ရွှေ့ပြောင်းရန် လိုက်ပါကူညီနေသည့် လူမှုကူညီရေးအသင်းအဖွဲ့များ ပြောဆိုသည်။

ဘုန်းတော်ကြီးကျောင်းများသို့ ရောက်ရှိနေသည့် ကမ်းနီ၊ ညောင်စခန်း၊ ဘာနှောင်း၊ ကွမ်းသီးပင်၊ ဂုံမင်းအိုင်၊ လက်ပံတံခါး အစရှိသည့် ကျေးရွာတို့မှ စစ်ဘေးရှောင်များအား တောင်ငူမြို့နယ်တွင်း အခြေစိုက်လှုပ်ရှားနေသည့် အသင်းအဖွဲ့များအပါအဝင် ဒေသခံတို့ကလည်း တနိုင်တပိုင်အကူအညီပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါစစ်ရှောင်များတွင် ပြီးခဲ့သည့် နိုဝင်ဘာပထမအပတ်က တောင်ငူမြို့နှင့် နယ်နိမိတ်ချင်းဆက်စပ်နေသည့် ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ကမ်းမှ ကျေးရွာများသို့ စစ်ကောင်စီက ဒရုန်းနှင့်လက်နက်ကြီးသုံး တိုက်ခိုက်မှုကြောင့် ယနေ့အချိန်ထိ နေရပ်စွန့်ခွာရှောင်တိမ်းနေရသည့် ဒေသခံအချို့လည်း ပါဝင်နေသည်ဟု ဆိုသည်။

ရေတာရှည်မြို့နယ်ဘက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ပစ်ခတ်တိုက်ခိုက်စဥ်တွင်လည်း ဒေသခံ အမျိုးသမီး (၁) ဦး သေဆုံး၍ အခြားဒေသခံ (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို နိုဝင်ဘာလ (၈) ရက်နေ့က တောင်ငူမြို့နယ်ရှိ ကွမ်းသီးပင်ကျေးရွာသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သဖြင့် ဒေသခံ (၄) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များ ပြောဆိုမှုအရ သိရသည်။

KIC ပေးပို့သည်။