တောင်ကြီးရောက် လားရှိုးစစ်ရှောင်တစ်ဦး ရွေးကောက်ပွဲနှောင့်ယှက်မှုဥပဒေဖြင့် ဖမ်းဆီးခံထားရ

By MPM 27 ဩဂုတ်, 2025 👁

သျှမ်းပြည် တောင်ကြီးမြို့နယ်တွင် ရောက်ရှိနေသည့် စစ်ဘေးရှောင်တစ်ဦးကို စစ်ကောင်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့က ရွေးကောက်ပွဲနှောင့်ယှက်မှုဥပဒေဖြင့် ပထမဆုံး အမှုဖွင့် ဖမ်းဆီးခံထားရကြောင်း စုံစမ်းသိရသည်။

တောင်ကြီးမြို့နယ် အေးသာယာမြို့ ရပ်ကွက် (၁) တွင် နေထိုင်သည့် လားရှိုးမြို့မှ စစ်ဘေးရှောင်အမျိုးသားတစ်ဦးကို ဖေ့စ်ဘုတ် လူမှုကွန်ရက်တွင် ရွေးကောက်ပွဲကိစ္စနှင့်ပတ်သက်၍ ဝေဖန်ရေးသားခဲ့ခြင်းကြောင့် ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ ပုဒ်မ ၂၃ (က) ဖြင့် စစ်ကောင်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့က အမှုဖွင့်ဖမ်းဆီးထားကြောင်း ဖြစ်စဉ်သိရှိသူတစ်ဦးက ပြောသည်။

“ဒါက ဖေ့ဘုတ်လို ဆိုရှယ်မီဒီယာပေါ် ပို့စ်တင်တာ၊ ရှယ်တာလုပ်တဲ့လူတွေအထိ စစ်ကောင်စီက စောင့်ကြည့်နေတဲ့ အနေအထားပဲ။ အရင်က VPN ကိစ္စနဲ့ ဖမ်းပြတယ်၊ အခုကျတော့ ရွေးကောက်ပွဲကို နှောင့်ယှက်လို့ဆိုပြီး ဘယ်သူမှမသိသေးတဲ့ ဥပဒေတွေ ပုဒ်မတွေနဲ့ ဖမ်းသွားတာ။ ရွေးကောက်ပွဲအကြောင်းကို ဘယ်သူမှ မဝေဖန်ရဲအောင် လုပ်ပြနေတာ” ဟု တောင်ကြီးမြို့ခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဩဂုတ်လ (၂၃) ရက်တွင် အာဏာသိမ်းစစ်အုပ်စု ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ ရပ်ကွက် (၅) ၌ ဖြစ်ပွားခဲ့သော အမျိုးသမီးမောင်းနှင်လာသည့်ကားကို အမျိုးသားနှစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်လာသည့် အမျိုးသားနှစ်ဦး သေနတ်ပစ်ခတ် လုယူသွားသည့်ဖြစ်စဉ်ကို Lashio Baegyi အမည်ရှိ ဖေ့စ်ဘုတ်အကောင့်ဖြင့် ပြန်လည်မျှဝေရာတွင် ရွေးကောက်ပွဲကိစ္စနှင့် ပတ်သက်၍ ဝေဖန်ရေးသားထားသည်။

ထိုနောက် စစ်တပ်ထောက်ခံသူများက Lashio Baegyi အကောင့်ပိုင်ရှင်ကို အရေးယူပေးရန် အာဏာသိမ်းစစ်အုပ်စုဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် လှုံ့ဆော်ခဲ့ကြပြီး စစ်အုပ်စု၏ လုံခြုံရေးအဖွဲ့က ရှာဖွေစစ်ဆေးခဲ့ရာ အေးသာယာမြို့ ရပ်ကွက် (၁)၊ အမှတ် (၄၄/၅၇) တွင် နေထိုင်သူ ကိုနေသွေးအား နေအိမ်၌ သွားရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

၎င်းကိုင်ဆောင်သော Xiaomi Civi-1 အမျိုးအစား ဖုန်းအား စစ်ဆေးခဲ့ရာ လူမှုကွန်ရက် စာမျက်နှာတွင် Lashio Baegyi အကောင့် နာမည်ဖြင့် ရွေးကောက်ပွဲ ပျက်ပြားစေရန် ရေးသားဖြန့်ဝေထားသည်ကို တွေ့ရှိရသဖြင့် အေးသာယာ နယ်မြေရဲစခန်းတွင် ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ – ၂၃ (က) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း အာဏာသိမ်းစစ်အုပ်စု ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ရေးသားထားသည်။

တောင်ကြီးမြို့နယ် အေးသာယာမြို့မရဲစခန်းတွင် ရွေးကောက်ပွဲနှောင့်ယှက်မှုဥပဒေဖြင့် ပထမဆုံး အမှုဖွင့် ဖမ်းဆီးခံထားရသည့် ကိုနေသွေးသည် လားရှိုးမြို့မှ တောင်ကြီးမြို့သို့ စစ်ဘေးရှောင်နေသူတစ်ဦးဖြစ်ပြီး ကိုနေ အမည်ဖြင့် ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးဖြစ်ကာ အမှုကို မြန်မြန်ဆန်ဆန် စစ်ဆေးပြီး အမိန့်ချမှတ်မည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ် ၂၀၂၅ ဇူလိုင်လ ၂၉ ရက်တွင် အာဏာသိမ်းစစ်အုပ်စုမှ အသစ်ပြဋ္ဌာန်းခဲ့သည့် ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ ပုဒ်မ ၂၃ (က) အရ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ပျက်ပြားစေရန် ‌ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးခြင်း၊ လှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း သို့မဟုတ် စာရေးသားဖြန့်ချိခြင်းတို့ကို မည်သည့်နည်းနှင့်မျှ မပြုလုပ်ရန် တားမြစ်ကြောင်း ပြဋ္ဌာန်းထားသည်။

အကယ်၍ ၎င်းတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် အနည်းဆုံး ထောင်ဒဏ် (၃) နှစ်မှ အများဆုံး (၇) နှစ်အထိ ချမှတ်ခံရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ဆိုထားသည်။

ထို့အပြင် ရွေးကောက်ပွဲလုံခြုံရေးကော်မတီများကို ဗဟိုအဆင့်မှ တိုင်းနှင့်ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ထိ ဖွဲ့စည်းပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို ဟန့်တားခြင်း၊ လူစုလူဝေးဖြင့် ကန့်ကွက်ခြင်း၊ လူသေဆုံးစေခြင်းများ ဖြစ်ပေါ်လာပါက ပြစ်မှုကိုလိုက်၍ အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ အများဆုံး ထောင်ဒဏ် တစ်သက်တစ်ကျွန်းနှင့် သေဒဏ်အထိ ချမှတ်မည်ဖြစ်ကြောင်း အာဏာသိမ်းစစ်အုပ်စုက ပြဋ္ဌာန်းထားသည်။

သျှမ်းသံတော်ဆင့်