ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့အဝင်ရှိ စစ်ဆေးရေးဂိတ်များတွင် ရှမ်းပြည်မြောက်ပိုင်းမှ တိမ်းရှောင်လာကြသည့် စစ်ဘေးရှောင်ကားများကို စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့များက ငွေကျပ် ၂ သိန်း ကောက်ခံနေသည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများက ပြောသည်။
“၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်း ကာလအတွင်း ဇူလိုင်လ ဒုတိယအပတ်မှ စတင်၍ ရှမ်းပြည်မြောက်ပိုင်းမှ တောင်ကြီးမြို့သို့ တိမ်းရှောင်လာကြသည့် စစ်ရှောင်ပြည်သူများ၏ ကားများကို စစ်ကောင်စီတပ်နှင့် ၎င်းတို့ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ၊ ပျူစောထီးတို့က ငွေကြေးကောက်ခံနေခြင်းဖြစ်ကြောင်း သိရသည်။
ကိုယ်တိုင်ကြုံခဲ့ရသူ အမျိုးသမီးတစ်ဦးက “ဈေးဆစ်လို့လည်း လုံးဝမရဘူး။ အဆင်ပြေတဲ့ ပမာဏလေးတော့ ဖြစ်စေချင်တာပေါ့နော်။ ၂ သိန်းဆိုတာက အိမ်လခ တစ်လစာ ရှိပြီလေ” ဟု ပြောသည်။
တောင်ကြီးမြို့အဝင် ၄ မိုင် စစ်ဆေးရေးဂိတ်၊ ဘုရားဖြူ ရပ်ကွက်အနီး ဂနိုင်ရွေး စစ်ဆေးရေးဂိတ်၊ ပေါမူဂိတ်တို့ တွင် ငွေကြေးတောင်းခံနေခြင်းဖြစ်ပြီး မိသားစုလိုက် ၂ စု၊ ၃ စု ပေါင်းလာကြသူများက တစ်စုချင်း ပျမ်းမျှပမာဏ သတ်မှတ်၍ ပေးဆောင်ကြရသည်ဟု ပြောဆိုသည်။
ယခင်က စစ်ဆေးရေးဂိတ် မရှိသည့် တောင်ကြီးမြို့ အဝင်လမ်းများကို ဖွင့်ထားပေးသော်လည်း လက်ရှိတွင် ထိုလမ်းများအား စစ်ကောင်စီတပ်က ပိတ်ဆို့ထားရာတွင် ငွေကျပ် ၂ သိန်း မပေးဆောင်နိုင်သူများက အခြားမြို့သို့ ထွက်ခွါသွားကြသည်ဟု ဆိုသည်။
လားရှိုးမှ တောင်ကြီးသို့ တိမ်းရှောင်လာသူတစ်ဦးက “ကျမတို့တုန်းကတော့ တစ်သိန်းပဲ ပေးရတာ။ ၂ သိန်းက ဒီရက်ပိုင်းမှ စတာလို့ ကြားတယ်။ တော်တော်များများ ပေးကြမှာပါ။ တောင်ကြီးက လုပ်ကိုင်စားလို့ ကောင်းတယ် လေ။ ဝန်ထမ်းပဲ လုပ်မလား။ ဆိုင်ဖွင့်မလား အဆင်ပြေတယ်။ တခြားမြို့ကတော့ ဘာမှ လုပ်စားလို့မရ၊ သူများ လှူတာပဲ ထိုင်မျှော်ရတယ်လေ” ဟု ပြောသည်။
ထို့အပြင် 4 wheel အမျိုးအစား ၄ ခန်းပါသည့် ကားမြင့်များအား စစ်ကောင်စီတပ်က ချောဆွဲပြီး ရှေ့တန်းသို့ ပို့ဆောင်နေသဖြင့် ထိုကားများဖြင့် တောင်ကြီးမြို့သို့ လာရောက်ခြင်း မပြုကြရန်လည်း စစ်ဘေးရှောင်များက သတိပေး ပြောဆိုထားသည်။
ဇွန်လ ၂၅ ရက်နေ့က စတင်ဖော်ဆောင်လိုက်သည့် “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းအတွင်း ရှမ်းပြည်မြောက်ပိုင်း က လားရှိုး၊ သီပေါ၊ မိုးမိတ်၊ နောင်ချို၊ ကျောက်မဲနှင့် မန္တလေးတိုင်းထဲက မိုးကုတ်မြို့တို့တွင် နေထိုင်ကြသူ ဒေသခံပြည်သူ အများစုမှာ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့သို့ တိမ်းရှောင်လာနေကြတာကြောင့် အိမ်ငှားခများမှာလည်း ဈေးနှုန်း အဆမတန် မြင့်တက်လျက်ရှိသည်ဟု စစ်ရှောင်များက ပြောဆိုကြသည်။
NMG ပေးပို့သည်။