ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် ကိုးကန့်လူမှုရေးခန်းမတွင် ရောက်ရှိနေကြသည့် စစ်ဘေးရှောင်လာသူဦးရေ ၅၀၀ ကျော်အတွက် အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။
“၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်း စတင်သည့် ဇွန်လ ၂၅ ရက်နေ့ကတည်းက စစ်ဘေးတိမ်းရှောင်ရန် တသုတ်ချင်း ရောက်ရှိလာကြသူများဖြစ်ပြီး လက်ရှိတွင် အလှူရှင်နှင့် စစ်ဘေးရှောင်ဦးရေ မမျှတသဖြင့် အကူအညီ လိုအပ်နေခြင်း ဖြစ်သည်ဟု ၎င်းတို့က ပြောဆိုသည်။
ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက “လိုတာတော့ အကုန်လိုတာပေါ့နော်။ လာကတည်းက ဘာမှပါမလာဘူးဆိုတော့ စားစရာလည်း ရှိမှ၊ ဝတ်စရာလည်း အလဲအလှယ်ရှိမှ အဆင်ပြေမှာပေါ့နော်။ အလှူရှင်က သူ့ဟာနဲ့သူ လာကြပါတယ်။ မလောက်ကြတာပါ” ဟု ပြောသည်။
စစ်ဘေးရှောင်များထဲတွင် မိဘမဲ့ကလေး ၆၁ ဦး အပါအဝင် သက်ကြီးရွယ်အို၊ နာတာရှည်ရောဂါသည်၊ မသန်စွမ်း၊ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်၊ လသားအရွယ် ကလေးငယ်များလည်း ပါဝင်ကြသည်ဖြစ်ရာ အာဟာရ ဖြည့်စွက်စာ များနှင့် ဆေးဝါးများ လိုအပ်လျက်ရှိသည်ဟု ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။
စစ်ဘေးရှောင်များမှာ ရှမ်းပြည်မြောက်ပိုင်း လားရှိုး၊ သီပေါ၊ နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်နှင့် မန္တလေးတိုင်း၊ မိုးကုတ်မြို့တို့မှ တိမ်းရှောင်လာကြသူများဖြစ်ပြီး လက်ရှိတွင် သတ်မှတ်အရေအတွက်ထက် ကျော်လွန်သွားပြီ ဖြစ်ရာ ခန်းမထဲတွင် နောက်ထပ်ရောက်လာမည့်သူများကို လက်ခံနိုင်မည်မဟုတ်ဟု ဆိုပါသည်။
စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက “ကျောင်းနေအရွယ်ကလေးတွေ အများကြီးပါတယ်။ မွေးရမယ့်လူတွေလည်း ရှိတယ်။ အကူအညီတွေလည်း လိုတယ်။ ကျောင်းက ကျောင်းပြောင်းလက်မှတ်မပါလို့ လက်မခံဘူးပြောတယ်။ ကျောင်းရှာနေတယ်။ လက်မခံရင်တော့ ခက်ပြီလေ” ဟု ပြောသည်။
တောင်ကြီးမြို့ ရှမ်းပိဋိကတ် စာသင်တိုက်၊ ဝေဠုဝန်ကျောင်းတိုက်၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှု၊ ကိုးကန့်လူမှုရေး ခန်းမ စသည့် နေရာများတွင်သာ လက်ခံထားပြီး အိမ်ငှားခများလည်း စျေးနှုန်းအဆမတန် မြင့်တက်နေသော ကြောင့် စစ်ဘေးရှောင်အများစုမှာ တောင်ကြီးမြို့နှင့် နီးစပ်ရာမြို့များသို့ ပြောင်းရွှေ့နေကြသည်။
“၁၀၂၇ စစ်ဆင်ရေး” တိုက်ပွဲ ၂၄ ရက်အတွင်း စစ်ကောင်စီ၏ လေကြောင်းမှတိုက်ခိုက်မှုနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် အရပ်သားပြည်သူ ၉၄ ဦး သေဆုံးခဲ့ပြီး ၁၃၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်သည် ရှမ်းမြောက်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် အခြားသောမြို့နယ်များ၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနည်းတူ စစ်ရေးပစ်မှတ်အား အရပ်သားပြည်သူ ပစ်မှတ်မခွဲခြားဘဲ အရပ်သားများရှိသည့် နေရာများကို ဦးတည်ပြီး တိုက်ခိုက်မှုများ လုပ်နေသည်ဟု ဒေသခံများက ပြောဆိုသည်။
NMG ပေးပို့သည်။