တောင်ကုတ်မြို့၊ ပေါက်အင်းရွာသစ် လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်ခံရပြီး အမျိုးသမီး ၂ ဦးပြင်းထန်ဒဏ်ရာရ

By MPM 15 အောက်တိုဘာ, 2024 👁

ရခိုင်ပြည်၊ တောင်ကုတ်မြို့ နယ်၊ ပေါက်အင်းရွာသစ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကျေးရွာနေအမျိုးသမီး ၂ ဦး ပြင်းထန်ဒဏ်ရာရရှိသွားသည်ဟု ဒေသခံတိုထံမှ သိရသည်။

စစ်ကောင်စီက ဂျက်ဖိုက်တာတစ်စီးဖြင့် ပေါက်အင်းရွာသစ်ရှိ ဘုန်းကြီးကျောင်းနှင့် ဒေသခံတို့နေအိမ်များကို အောက်တိုဘာ ၁၄ ရက်နေ့ ညနေပိုင်းတွင် တိုက်ခိုက်ခဲ့ရာ၌ ဒေသခံအမျိုးသမီး ၂ ဦး ယခုလို ဒဏ်ရာရရှိခဲ့သည်ဟု ကျေးရွာသားတစ်ဦးက ပြောပါသည်။

“ညနေ ၄ နာရီကျော်မှာ ဗုံးချသွားတာပါ။ ဘုန်းကြီးကျောင်းလည်း နည်နည်းထိခိုက်ပျက်စီးသွားတယ်။ ဒဏ်ရာရသူတွေအိမ်နဲ့ ဘုန်းကြီးကျောင်းက နီးစပ်နေတော့ သူတို့အိမ်ပါ ပျက်စီးသွားတယ်” ဟု ၎င်းက ပြောသည်။

ပြင်းထန်ဒဏ်ရာရရှိသွားသူ အမျိုးသမီး ၂ ဦးမှာ ပေါက်အင်းရွာသစ်ကျေးရွာခံ ဒေါ်သန်းသန်းမြင့် (၆၁) နှစ်နှင့် ဒေါ်ခင်မြင့်ဝေ (၃၉) နှစ်တို့ဖြစ်သည်ဟု ဆိုသည်။

အမျိုးသမီးနှစ်ဦးသည် လည်ဂုတ်၊ ဘယ်ဖက်လက်နှင့် ညာဖက်ပေါင်၊ တင်ဆုံတို့၌ ထိခိုက်ဒဏ်ရာရရှိခြင်းဖြစ်ပြီး ယခုအခါ နီးစပ်ရာဆေးခန်း၌ အရေးပေါ် ဆေးကုသမူခံယူနေရသည်ဟု ၎င်းကဆိုသည်။

စစ်ကောင်စီသည် တောင်ကုတ်မြို့နယ်တွင် ဖုန်းလိုင်းများကို ဖြတ်တောက်ပြီး အပြစ်မဲ့ကျေးရွာသားများ၏ နေအိမ်များနှင့် သာသနိကအဆောက်အဦးတို့ကို ယခုလိုတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှု ကျုးလွန်နေသည်ဟု ဒေသအတွင်းက လူမှုရေးလှုပ်ရှားသူများက ပြောဆိုကြသည်။

နိရဉ္စရာ ပေးပို့သည်။