တိုက်ပွဲများကြောင့် ရှမ်းနီဒေသအချို့တွင် ရိုးရာဓလေ့ကျောင်းတက်ဆရာကန်တော့ပွဲ မကျင်းပနိုင်

By MPM 28 ဧပြီ, 2025 👁

စစ်ကိုင်းတိုင်းအထက်ပိုင်း ရှမ်းနီတိုင်းရင်းသားများ နေထိုင်ရာဒေသတချို့တွင် တိုက်ပွဲများနှင့် ဒေသတွင်း မငြိမ်သက်မှုများကြောင့် ရိုးရာဓလေ့ကျောင်းတက်ဆရာကန်တော့ပွဲ (ပွႆးၷိူꩫ်ႍကျွင်း) များကို ပြုလုပ်နိုင်ခြင်း မရှိတော့ဟု ဒေသခံတို့က ပြောဆိုသည်။

ရှမ်းနီတိုင်းရင်းသားတို့သည် မြန်မာနှစ်ဆန်းတစ်ရက်နေ့မှစပြီး တစ်လကြာသည်အထိ ကျောင်းတက်၊ ဆရာကန်တော့ပွဲများကို ပြုလုပ်ကြပြီး ကျေးရွာသူရွာသားများနှင့် သံဃာတော်များက ထေကြီးဝါကြီး ဆရာတော်များကို ကျေးရွာအလိုက် လိုက်လံကန်တော့ကြသည့်ဓလေ့ ရိုးရာအစဉ်လာပွဲလည်း ဖြစ်သည်။

ဗန်းမောက်ဒေသခံတစ်ဦးက “တိုက်ပွဲတွေနဲ့ဘာနဲ့ရော ကျင်းပတာတွေသိပ်မရှိဘူး။ အေးချမ်းတဲ့နေရာတွေ လောက်ပဲ ကျင်းပလို့ရတာ။ ဒီဓလေ့က ငါတို့ငယ်ငယ်ကတည်းက လုပ်ခဲ့ရတာ။ ဘယ်လိုပြောလို့ရမလဲ အခုလို တချို့ဒေသတွေ မလုပ်နိုင်တာတော့ မတတ်နိုင်ဘူးပါ့လေ။ နယ်မြေတွေက မငြိမ်သက်တာကြီးကို” ဟု ပြောသည်။

ဟုမ္မလင်းမြို့နယ်အတွင်း KIA၊ PDF များ ထိန်းချုပ်ထားသည့် ဒေသများတွင် စစ်ရေးနှင့်လုံခြုံရေး အခြေနေများအရ ကျောင်းတက်ဆရာကန်တော့သည့် ရိုးရာအစဉ်လာကို ပြုလုပ်နိုင်ခြင်းမရှိကြောင်း သိရသည်။

သို့သော် ဟုမ္မလင်းမြို့နယ် နမ့်တောကျေးရွာဒေသခံတစ်ဦးက “ငါတို့ဆီမှာတော့ ဒီသင်္ကြန်က တစ်လနီးနီးလောက် ကျောင်းတက်ဆရာကန်တော့ပွဲတွေပဲ ဆက်တိုက်၊ ဒါက ရိုးရာအစဉ်လာမပြတ်ပဲ” ဟု ပြောပါသည်။

ပင်လည်ဘူး၊ ဖောင်းပြင်၊ ဝန်းသိုနှင့် ဗန်းမောက်မြို့နယ်တွေမှာ ယခုလိုရိုးရာဓလေ့များကို ပြုလုပ်နိုင်ခြင်း မရှိတော့ကြောင်း သိရသည်။

ဘာသာရေးနှင့် လူမှုရေးအစဉ်အလာအဖြစ် ကျောင်းတက်ဆရာကန်တော့ပွဲတွေကို ပင်လည်ဘူးမြို့နယ်က ထမံ၊ မောက်လပ်ဒေသအပါဝင် မြို့နယ်အနှံ့ပြား၌ ကျင်းပလာခဲ့ကြသော်လည်း ၂၀၁၉ ခုနှစ် ကိုဗစ်ရောဂါ ပျံ့နှံ့လာချိန်မှစပြီး ယင်းဓလေ့ကို ကျင့်သုံးခွင့်မရှိတော့ပေ။

ကျောင်းတက်ဆရာကန်တော့သည့် အစဉ်အလာကို သင်္ကြန်နှင့် သီတင်းကျွတ် ရာသီနှစ်ခုတွင် ပုံမှန်ကျင်းပကြပြီး အလှည့်ကျ ကျင်းပကြခြင်းဖြစ်သည်။

ထိုကန်တော့ပွဲတွင် ဝေးကွာနေသည့်ဆွေမျိုးတို့ကို ဆွမ်းဆန်ပို့ခြင်း၊ ပေါက်ပေါက်ပို့ခြင်း၊ သက်ကြီးမိဘများကို ပူဇော်ကန်တော့ခြင်း၊ ဒေသတွင်းသတင်းစကားများ ဖလှယ်ခြင်း၊ စတုဒီသာ ဧည့်ခံကျွေးမွေးခြင်း၊ ဆရာတော် သံဃာတော်များ၏ တရားဒေသနာတော်နှင့် ဩဝါဒခံယူခြင်း စသည့်အစဉ်လာများ ပြုလုပ်ကြခြင်းဖြစ်သည်။

ရှမ်းနီအသံ ပေးပို့သည်။