တိုက်ပွဲကြောင့် လုပ်ငန်းခွင်မဝင်နိုင်သည့်ဝန်ထမ်းများအား CDM အဖြစ်သတ်မှတ်ပြီး လစာများရပ်ဆိုင်းခံရ

By MPM 24 ဇူလိုင်, 2024 👁

တိုက်ပွဲများကြောင့် ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ရုံးတက်လုပ်ငန်းခွင်ဝင်ရောက်ရန် ပျက်ကွက်သည့်  ဝန်ထမ်းများအားလုံးကို လစာများခံစားခွင့် ရပ်ဆိုင်းလိုက်ကြောင်း စစ်ရှောင်ဝန်ထမ်းများက ပြောသည်။

အလားတူ တောင်ကုတ်မြို့မှ ကျန်းမာရေးနှင့် ပညာရေးဝန်ထမ်းများအပါအဝင် တာဝန်ပျက်ကွက်သည့် ဝန်ထမ်းအားလုံးကို လစာများ မပေးတော့ကြောင်း ၎င်းတို့က ပြောဆိုသည်။

တောင်ကုတ်မြို့မှ ဝန်ထမ်းအမျိုးသမီးတစ်ဦးက “စစ်ဘေးရှောင်နေကြတဲ့ ဝန်ထမ်းတွေရော၊ ကျောင်းမလာတဲ့ ပညာရေးဝန်ထမ်း၊ ဆေးရုံမရောက်တဲ့ ကျန်းမာရေးဝန်ထမ်းတွေလည်းပါတယ်။ ဝန်ထမ်းဟူသမျှ ဒီကာလမှာ တာဝန်ပျက်ကွက်တဲ့ ဝန်ထမ်းတွေအားလုံးက CDM အဖြစ် သတ်မှတ်ခံထားရတယ်” ဟု ပြောသည်။

တောင်ကုတ်မြို့နယ်အတွင်းမှ ပညာရေးဝန်ထမ်းများနှင့် စစ်ကောင်စီလက်အောက် အခြားဌာနဆိုင်ရာ ဝန်ထမ်းတချို့လည်း ဇွန်လအတွင်း ဖြစ်ပွားခဲ့သည့်တိုက်ပွဲများနှင့် လက်ရှိဒေသ အခြေအနေမတည်ငြိမ်မှုများကြောင့် စစ်ဘေးရှောင်နေကြရပြီး တာဝန်ပြန်လည်ထမ်းဆောင်နိုင်ခြင်းမရှိကြဘဲ ဖြစ်နေကြသည်ဟု ဆိုသည်။

ထိုကဲ့သို့ တာဝန်ထမ်းဆောင်ရန် လာရောက်ခြင်းမရှိသူများကို ဇွန်လမှစတင်၍ လစာခံစားခွင့် မပေးတော့ကြောင်း အဆိုပါဝန်ထမ်းများနှင့် နီးစပ်သူများက ပြောသည်။

ယင်းအပြင် တောင်ကုတ်မြို့တွင် ကျောင်းမတက်သည့် ဆရာနှင့်ဆရာမများအားလုံးကို ကျောင်းလာတက်ကြရန် မြို့နယ်ပညာရေးမှူးက ဖိအားပေးနေပြီး ပျက်ကွက်သူများကို ဖမ်းဝရမ်းထုတ်ရန် ပြောဆိုသည်ကို ကြားသိရသဖြင့် အခက်အခဲကြုံနေရသည်ဟု တောင်ကုတ်မြို့မှ ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

“ကျောင်းစမဖွင့်ခင်က တောင်ကုတ်နယ်တွေမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တာ ရှိတယ်။ တိုက်ပွဲဖြစ် တော့  ဆရာဆရာမတချို့နဲ့ မြို့ခံတချို့ စစ်ဘေးရှောင်ကြတယ်။ ကျောင်းတွေ စဖွင့်တော့ ဆရာ/ဆရာမ အများစုက ကျောင်းမလာကြတော့ဘူး။ နောက်ထပ် တောင်ကုတ်တက္ကသိုလ်မှာ လက်နက်ကျတော့ ဘယ် ဝန်ထမ်းက အသက်အာမခံချက်မရှိဘဲ တာဝန် ထမ်းဆောင်မှာလဲ။ အခုကြားနေရတာက ကျောင်းတွေကို လာဖို့ ဖိအားပေးတာ။ မလာရင် လစာမရ။ တိုးတိုးတိတ်တိတ် ဖမ်းဝရမ်းထုတ်တယ်လို့ကြားတော့ စိတ်က မလုံခြုံတော့ဘူး” ဟု ပြောသည်။

ထိုသို့ ပြောဆိုမှုများနှင့် ပတ်သက်ပြီး တောင်ကုတ်မြို့နယ်ပညာရေးမှူး ဦးကျော်ထွန်းအောင်ကို ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖြေဆိုခဲ့ခြင်းမရှိပေ။

ရခိုင်ရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်များရှိ စစ်ကောင်စီဝန်ထမ်းများကိုလည်း စစ်ကောင်စီက ဝန်ထမ်းအဖြစ်မှထုတ်ပယ်ပြီး လစာများလည်း မပေးတော့ကြောင်း ကြားသိရသည်။

နိရဉ္စရာ ပေးပို့သည်။