တောင်ကုတ်မြို့တွင် တိုက်ပွဲကာလအတွင်း နေအိမ် ၂၀၀ ကျော်ပျက်စီးသွားခဲ့ပြီး လူဦးရေ ၁,၀၀၀ ခန့်မှာ ပြန်လည် ထူထောင်ရေးအပြင် စားရေးသောက်ရေးနှင့်ပတ်သက်၍ အခက်အခဲစိန်ခေါ်မှုများ ကြုံနေကြရသည်ဟု သိရှိရသည်။
တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ စစ်ကောင်စီတပ်၏ မီးရှို့မှု၊ လက်နက်ကြီး၊ လေကြောင်း ပစ်ခတ်မှုတို့ကြောင့် ရန်ခေါ်ရွာ၊ ဂျိုကြာကွင်း ရပ်ကွက်နှင့် စစ်ကောင်စီတပ် ယာယီတပ်စွဲခဲ့သည့် နေရာအနီးမှ နေအိမ် ၂၀၀ ကျော် ပျက်စီးခဲ့သည်ဟု တောင်ကုတ်မြို့ခံများက ပြောသည်။
တောင်ကုတ်မြို့ခံအမျိုးသားတစ်ဦးက “စစ်ကောင်စီတပ်ရင်းတွေ တပ်စွဲခဲ့တဲ့ နေရာတွေနဲ့နီးတဲ့ ရပ်ကွက်တွေက နေအိမ်တော်တော်များများကို စစ်ကောင်စီက မီးရှို့တာ၊ လက်နက်ကြီး လေကြောင်းတိုက်ခိုက်တာတွေကြောင့် အိမ်တွေပျက်စီးသွားသူတွေက အခုထိ ပြန်ဆောက်နိုင်ကြတာမတွေ့ရပါ။ ရန်ခေါ်ရွာမှာဆို အိမ်ခြေ ၆၀ ကျော် လောက် ပျက်စီးသွားတယ်” ဟု ပြောသည်။
လက်ရှိတွင် တောင်ကုတ်မြို့ခံများကို အာရက္ခတပ်တော်က နေအိမ်များတွင် ဝင်ရောက်နေထိုင်ခွင့်ပြုထားပြီး စားနပ်ရိက္ခာအချို့ ထောက်ပံ့ပေးထားကြောင်း သိရသည်။
နေအိမ်ပျက်စီးသွားသူများမှာ လက်ရှိအချိန်ထိ စစ်ဘေးတိမ်းရှောင်နေကြရပြီး အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့ နေကြရပြီး ပြန်လည်ထူထောင်ရေးအတွက် အကူအညီများ လိုအပ်နေကြောင်း ၎င်းတို့က ပြောသည်။
“အိမ်အကောင်းအတိုင်းရှိတဲ့သူတွေက အေးအေးဆေးဆေး ပြန်နေထိုင်နေကြပြီ။ အိမ်ပြန်မဆောက်နိုင်သေးတဲ့ သူတွေကတော့ တိုက်ပွဲကာလကတည်းက စစ်ဘေးရှောင်နေရတဲ့ နေရာတွေမှာပဲ ကြုံရာကျပန်းလုပ်ကိုင် စားသောက်နေရတယ်” ဟု နောက်ထပ် တောင်ကုတ်မြို့ခံတစ်ဦးက ပြောသည်။
အာရက္ခတပ်တော်က တောင်ကုတ်မြို့နယ်တစ်ခုလုံးကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်တွင် အပြီးသတ်သိမ်းပိုက် ခဲ့ပြီးနောက် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို တဖြည်းဖြည်းလုပ်ဆောင်လျက် ရှိသည်။
လက်ရှိ၌ တောင်ကုတ်မြို့နယ်တွင် AA က မိုင်းရှင်းလင်းရေးများများ ပြုလုပ်နေကြောင်းနှင့် တိုက်ပွဲပြင်းထန် ခဲ့သည့် မြို့နယ်တစ်ခုဖြစ်သဖြင့် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ်ကို ဒေသခံများ ကြုံနေကြရကြောင်း ဒေသခံတို့က ပြောဆိုကြသည်။
မတ် ၁၁ ရက်နေ့က တောင်ကုတ်မြို့ခံတစ်ဦးသည် စစ်ကောင်စီ၏ စကခ ၅ အနီး ဟင်းရှာနေစဉ် မိုင်းနင်းမိ၍ ခြေတဖက် ပြတ်ထွက်သွားခဲ့သည်။
“မိုင်းရှင်းလင်းရေးကတော့ တပ်ဘက်က နိုင်သလောက် လုပ်နေတာတွေ့ရပါတယ်။ ဒါပေမဲ့ စစ်ကောင်စီက အများကြီးထောင်ထားခဲ့တော့ မြို့ခံတွေအတွက် မလုံခြုံသေးဘူး။ ဒီထက်ရှင်းလင်းရေးကို မြှင့်တင်လုပ်ဖို့လိုပါတယ်” ဟု ULA နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ရခိုင်တွင် အာရက္ခတပ်တော် AA က ၎င်းတို့ထိန်းချုပ်ဒေသအတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသော်လည်း တိုက်ပွဲကာလ ထိခိုက်ပျက်စီးမှု များပြားသဖြင့် အခက်အခဲများ ရှိနေဆဲဖြစ်သည်။
အောင်ထိန် (DMG) ပေးပို့သည်။