တိမ်းရှောင်နေကြသည့် ဝှေခါစစ်ရှောင်များ စစ်လေယာဉ်များပျံဝဲနေတာကြောင့် နေရပ်ပြန်ရေးအခက်တွေ့နေ

By MPM 6 ဖေ‌ဖော်ဝါရီ, 2024 👁

ကချင်ပြည်၊ ဖားကန့်မြို့နယ် ဝှေခါကျေးရွာတွင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် စစ်ရှောင်ပြည်သူများ နေရပ်ပြန်ရန် ပြင်ဆင်နေကြသော်လည်း စစ်လေယာဉ်များ လာရောက်ပျံဝဲမှုရှိနေသေးလို့ နေရပ်ပြန်ဖို့ အခက်အခဲရှိနေကြတယ်လို့ စစ်ရှောင်သူများထံမှ သိရသည်။

လက်ရှိတွင် ဝှေခါကျေးရွာကို ကချင်လွတ်လပ်ရေးတပ်မတော်-KIA ဘက်က ထိန်းချုပ်ထားသော်လည်း စစ်ကောင်စီ၏ ကင်းထောက်လေယာဉ်များ အဆက်မပြတ် လာရောက်ပျံဝဲတာတွေ ဆက်ရှိနေသေးတာကြောင့် အသက်အန္တရာယ်စိုးရိမ်ပြီး စစ်ရှောင်များ နေရပ်မပြန်နိုင်သေးတာဖြစ်တယ်လို့ စစ်ရှောင်များကို ကူညီပေးနေသည့် ဖားကန့်မြို့ခံတစ်ဦးက ပြောဆိုသည်။

“စစ်ရှောင်တွေကတော့ ဘယ်သူမှ မပြန်ကြသေးဘူး။ စစ်ကြောင်းကတော့ မလာပါဘူး။ ဒါပေမယ့် ကင်းထောက် လေယာဥ်တွေတော့ နေ့တိုင်းလာတယ်။ အဲဒါကြောင့် မပြန်ရဲကြတာ၊ မနေ့ကလည်း လာတယ်။ ဒီနေ့တော့ မိုးအုံ့လို့ မလာဘူး” လို့ အဆိုပါဖားကန့်မြို့ခံက ပြောသည်။

ဝှေခါကျေးရွာတွင် ပြီးခဲသည့် ဇန်နဝါရီလဆန်းပိုင်းလောက်က စတင်၍ ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF ပူးပေါင်းတပ်များက စစ်ကောင်စီတပ်စခန်းနေရာကို ထိုးစစ်ဆင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် ဝှေခါ တလျှောက်တွင် နေထိုင်ကြသည့် ဒေသခံပြည်သူများ ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ကြခြင်း ဖြစ်သည်။

ဝှေခါရှိ စစ်ကောင်စီတပ်စခန်းကို ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် KIA နဲ့ PDF တပ်ဖွဲ့တွေက အပြီးသတ် သိမ်းပိုက်လိုက်နိုင်ခြင်း ဖြစ်သည်။

ယင်းနောက် KIA ဘက်က ဝှေခါကျေးရွာအတွင်း နယ်မြေရှင်းလင်းရေးတွေ ဆက်လက်လုပ်ဆောင်မှုတွေ ရှိနေသေးတာကြောင့် စစ်ရှောင်ဒေသခံများမှာ မိမိတို့နေရပ်သို့ ပြန်ဝင်လို့မရသေးသည့် အနေအထား ဖြစ်နိုင်တယ်လို့ ဖားကန့်၊ ဒေသကာကွယ်ရေးတပ် KPDF မှ တာဝန်ရှိသူတစ်ယောက်က ပြောဆိုသည်။

“လက်ရှိက ဝှေခါထဲမှာ ဒီဘက်က ထိုင်ထားပါတယ်။ ဒါပေမယ့် လောလောဆယ် နယ်မြေရှင်းလင်းရေးကလည်း မပြီးသေးဘူးဗျ။ လုပ်စရာတွေ ရှိနေသေးတယ်။ အခြေအနေကလည်း မငြိမ်သေးတော့ စစ်ရှောင်တွေ နေရပ်ပြန်လို့ မရသေးပါဘူး” ဟု ၎င်းက ဆိုသည်။

ဝှေခါကျေးရွာတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဝှေခါ၊ မကားပင်၊ မော်လကင် စသည့် ကျေးရွာနေ ဒေသခံပြည်သူများသည် ဖားကန့်မြို့ပေါ်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရပြီး ဆွေးမျိုးအိမ်တွေမှာ ခက်ခက်ခဲခဲ တိမ်းရှောင်နေကြရတယ်လို့ စစ်ရှောင်ကူညီသူများက ပြောသည်။

လက်ရှိတွင်လည်း ဝှေခါစစ်ရှောင်ပြည်သူများသည် မှော်ရှန်ကျေးရွာထဲ၌ ၅၀၀ ကျော်နှင့် ဆိုင်းတောင်ကျေးရွာထဲ တွင် ၁၀၀၀ ဝန်းကျင်လောက် တိမ်းရှောင်နေကြပြီး အဆိုပါစစ်ရှောင်ပြည်သူများသည် နေရပ်ပြန်လို့မရသေးဘဲ အကူအညီများ ဆက်လက်လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီပေးရေး တာဝန်ရှိသူတွေက ပြောဆိုသည်။

KNG ပေးပို့သည်။