တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် မောတောမြို့ တန်ကူဘက်ခြမ်း ဥယျာဉ်ခြံမှာ အလုပ်လာလုပ်သည့် အသက် ၉ နှစ်အရွယ် ကလေးငယ်နှင့် မိခင်ဖြစ်သူတို့ဟာ သေနတ်နဲ့ ပစ်သတ်ခံရတာကြောင့် သေဆုံးသွားကြောင်း ဒေသခံများက ပြောပါသည်။
ဧပြီ ၃၀ ရက်နေ့ မနက်ပိုင်းမှာ ဥယျာဉ်ခြံထဲ အလုပ်လာလုပ်သော အသက် ၂၅ နှစ်အရွယ် မိခင်ဖြစ်သူ မဇာခြည်ဦးနှင့် သားဖြစ်သူ အသက် ၉ နှစ်အရွယ် မောင်လင်းဦးတို့သည် သေနတ်ဖြင့် ပစ်သတ်ခံရတာကြောင့် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
သေနတ်ပစ်သတ်ခံရသည့်အတွက် ကလေးငယ်နှင့် မိခင်ဖြစ်သူတို့မှာ ဦးခေါင်း ကျည်ထိမှန်ဒဏ်ရာများနှင့် အခင်းဖြစ်ရာ နေရာတွင်ပင် သေဆုံးခဲ့ရသည်။
ဒေသခံတွေအဆိုအရ ခင်ပွန်းဖြစ်သူ တောလိုက်ထွက်သည့်အချိန်တွင် ကလေးငယ်နှင့် မိခင်တို့သည် သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရခြင်းဖြစ်ပြီး ဘယ်အဖွဲ့အစည်းနှင့်မျှ ပတ်သက်မှုမရှိကြောင်း သိရပါသည်။
သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသော သားအမိ ၂ ဦးသည် မောတောင်မြို့ အေးသာယာရပ်ကွက်တွင် နေထိုင်သူတွေဖြစ်ပြီး မည်သည့်အကြောင်းကြောင့် သေနတ်နှင့် လာရောက်ပစ်သတ်သွားသလဲသည်ကိုတော့ အသေးစိတ် မသိရသေးပေ။
တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတော့ သားအမိ ၂ ဦး သေဆုံးမှုဟာ သူတို့ လုပ်ဆောင်တာမဟုတ်ကြောင်းနှင့် ယခုလို အရပ်သားတွေကို အကြောင်းမဲ့ သတ်ဖြတ်မှုကို အပြင်းအထန် ရှုတ်ချကြောင်း ပြောပါသည်။
တနင်္သာရီတိုင်းမှာတော့ စစ်တပ်အာဏာသိမ်းမှု ၂ နှစ်ကျော်ကာလအတွင်း အရပ်သား ၅၀၀ နီးပါး သတ်ဖြတ်ခံထားရကြောင်း ဒေသတွင်း သုတေသနအဖွဲ့တွေ၏ အချက်အလက်များအရ သိရပါသည်။
သံလွင်တိုင်းမ် – ပေးပို့သည်။