တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် လယ်သစ်ရွာဘက်ကို စစ်ကောင်စီတပ် အင်အားအလုံးအရင်းနှင့် စစ်ကြောင်း ထိုးလာတာကြောင့် ဒေသခံထောင်နှင့်ချီ ထွက်ပြေးနေရကြောင်း စစ်ရှောင်ပြည်သူများထံက သိရသည်။
တပ်အင်အား ၂၀၀ ကျော်ပါသော စစ်ကောင်စီစစ်ကြောင်းသည် ပြီးခဲ့သည့် ဇူလိုင် ၁၉ ရက်နေ့ကစပြီး ကျွန်းစုမြို့ နယ်ကနေ တနင်္သာရီမြို့နယ် လယ်သစ်ရွာဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။
စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် လမ်းတလျှောက်၌ လက်နက်ကြီး၊ လက်နက်ငယ် အဆက်မပြတ် ပစ်ခတ်ပြီး ဝင်ရောက်လာတာကြောင့် ဘယ်သစ်၊ ဝါရစ်၊ မင်းဂုတ်၊ မောင်းလှော်အပါအဝင်ကျေးရွာ ခုနှစ်ရွာက ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေကြခြင်းဖြစ်သည်။
စစ်ကောင်စီစစ်ကြောင်းနှက် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲတို့သည် ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်နေ့နဲ့ ၂၁ ရက် နေ့တို့တွင် ကျောက်ပုဇွန်တောင်အနီး တိုက်ပွဲဖြစ်ပွားခဲ့ရာ၌ နှစ်ဖက်ထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။
တော်လှန်ရေးတပ်ဖွဲ့ဝင်တို့ ပြောဆိုချက်အရ ထိုစစ်ကောင်စီစစ်ကြောင်းသည် ဇူလိုင် ၂၂ ရက်နေ့ မနက်ပိုင်းအထိ ကျောက်ပုဇွန်တောင်အနီးတွင် ဆက်ရှိနေတာကြောင့် နှစ်ဖက်စစ်ရေးဆက်တင်းမာနေကြောင်း သိရပါသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် ဆင်ခေါင်းကျေးရွာထဲကို စစ်ကောင်စီ အမှတ် ၅၆၁ ခြေမြန်တပ်ရင်းကနေ လက်နက်ကြီးနှင့် ပစ်ခတ်တာကြောင့် အသက် ၅၀ အရွယ် ဒေသခံ အမျိုးသားတစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါသေးသည်။
ဒေသတွင်း သုတေသနအဖွဲ့ဖြစ်သည့် FE5 Tanintharyi ၏ အစီရင်ခံစာအရ တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီ တပ် စစ် ကြောင်းထိုးတာ၊ လက်နက်ကြီးနှင့် လေကြောင်းရန်များကြောင့် အမြဲတမ်းစစ်ရှောင်နေရသူ ၇၀၀၀ ကျော် ရှိသည်ဟု ဆိုသည်။
သံလွင်တိုင်းမ် ပေးပို့သည်။