တနင်္သာရီတွင် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရပြီး ၄ ဦး သေဆုံး

0
106
Photo - တောဗုံးကြီး

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာလမ်းဆုံသို့ လမ်းကင်းလာသော စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးခဲ့သည်ဟု တောဗုံးကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂ ရက်နေ့ ညနေ ၃ နာရီခန့်က ဇဝဲရွာအခြေစိုက် အမှတ် ၅၅၆ ခြေမြန်တပ်ရင်းကနေ ခြေလျင်စစ်ကြောင်းထွက်လာသော စစ်ကောင်စီတပ်သား ၄၀ ကျော်အား ဘန်းလမွတ်ရွာ လမ်းဆုံရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုကို ဒရုန်းနှင့် စောင့်ကြည့်၍ အတည်ပြုနိုင်ခဲ့သည်ဟု တောဗုံးကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

တိုက်မိုင်းလေးလုံးနှင့် မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိသည်ဟု အဆိုပါတာဝန်ရှိသူက ဆက်ပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်သားများမှာ တနင်္သာရီဘက်ကိုလာရောက်မည့် စစ်ကောင်စီ ရိက္ခာယာဉ်တန်းကို လမ်းကင်းလုံခြုံရေး ယူပေးရန်ရောက်ရှိလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖြစ်သည်ဟု ဆိုသည်။

ဘန်းလမွတ်ရွာအနီး မိုင်းဆွဲတိုက်ခိုက်မှု၌ ထိခိုက်သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သားများကို ယင်းနေ့ ညနေ ၅ နာရီဝန်းကျင်တွင် စစ်ကောင်စီဘက်က ကားတစ်စီးနှင့် လာရောက်သယ်ယူခဲ့သည်ဟု ဒေသခံတို့ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်ကလည်း စစ်ကောင်စီရိက္ခာယာဉ်တန်း လုံခြုံရေးယူပေးသည့် စစ်ကောင်စီတပ်သည် ဘန်းလမွတ်ရွာအနီးက ဘုရားတောင်ခြေအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၇ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့သေးသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here