တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စု၊ ကမ်းတိုကျေးရွာအနီးတွင် နိုဝင်ဘာ ၂၉ ရက်နေ့ နံနက် ၉ နာရီခွဲခန့်က စစ်ကားနှစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိကြောင်း တနင်္သာရီမြို့နယ် ပကဖအဖွဲ့က ထုတ်ပြန်သည်။
မြိတ်မြို့ကနေ ဆင်းလာသော စစ်ကားနှစ်စီးကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များက သတင်းအရ ကြိုတင် စောင့်ဆိုင်းပြီးနောက် မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
တိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု မိနစ် ၃၀ နီးပါးကြာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အထိနာစေခဲ့သည်ဟု ထိုတိုက်ခိုက်မှုမှာပါဝင်သည့် မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ခံက ပြောပါသည်။
မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိပြီး အရေအတွက်အတိအကျကို ဆက်လက် စုံစမ်းနေကြောင်းလည်း ၎င်းက ပြောဆိုသည်။
စစ်ကားနှစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် တနင်္သာရီမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများ ရှိသော်လည်း ပူးပေါင်းအဖွဲ့ဘက်က ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်မှုအရ သိရသည်။
အဆိုပါစစ်ဆင်ရေးကို တနင်္သာရီ ပကဖ၊ မြိတ် ပကဖ၊ ပုလော ပကဖ (အရိပ်ပြောက်ကျား)၊ မြိတ်ခရိုင် PDF တပ်ခွဲ (၁) နှင့် တပ်ခွဲ (၂) ပူးပေါင်းတပ်တို့က ပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
စစ်အုပ်ချုပ်ရေး ကြေညာထားသည့် တနင်္သာရီမြို့နယ်တွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ခြင်းကြောင့် ပြည်သူများအနေဖြင့် စစ်ရေးသတိနှင့် နေထိုင်သွားလာကြဖို့ တော်လှန်အင်အားစုများက အသိပေးထားသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၉ ရက်နေ့ကလည်း တနင်္သာရီအခြေစိုက် စစ်ကောင်စီ အမှတ် (၅၅၆) ခြေမြန်တပ်ရင်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့များက တိုက်ခိုက်ခဲ့ကြသည်။
သံလွင်တိုင်းမ် ပေးပို့သည်။